အခုခေတ်မှာ အချိန်သိဖို့ နာရီပတ်စရာမလိုတော့ပါဘူး။ အလှအပကြောင့်ဖြစ်ဖြစ် ၊ တန်ဖိုးထားမှုကြောင့်ပဲ ဖြစ်ဖြစ် ၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ပဲ ဖြစ်ဖြစ် နာရီဝယ်ဝတ်ကြတော့တာ ဖြစ်ပါတယ်။ နာရီဝယ်မယ်ဆိုရင် သေချာစဉ်းစားဖို့ အကြံပေးချင်ပါတယ်။ အကြောင်းက နာရီတစ်လုံးဟာ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကအမှတ်တံဆိပ်လည်း ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နာရီအဝယ်မမှားရအောင် နာရီဝယ်သူတွေ ရှောင်ကြဉ်သင့်တဲ့ အချက်တချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) နာမည်မရှိတဲ့ဆိုင်က ဝယ်မယ်ဆို သတိထားပါ

Photo: Freepik

ဖြစ်တတ်လို့ ပြောတာပါ။ နာမည်ကြီးဆိုင်တွေက ဝယ်ရင် ဈေးပိုကြီးနိုင်ပေမယ့် ပစ္စည်းအစစ် ရတတ်ပြီး နာမည်သိပ်မရှိတဲ့ ဆိုင်တွေက ဝယ်ရင် ဈေးသက်သာပေမယ့် ပစ္စည်း အာမခံမရှိလို့ ဖြစ်ပါတယ်။ ပစ္စည်းကောင်းဆိုရင်တောင် နာရီဆိုင်ကြီးတွေက မဟုတ်ဘဲ အွန်လိုင်းပေါ်ကနေ ဝယ်ဆိုရင် သေချာစစ်ပါ။ ဖြစ်နိုင်ရင် အပြင်မှာလူကိုယ်တိုင် သွားကြည့်နိုင်ရင် အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ စိတ်မချရတာ များလွန်းလို့ ဖြစ်ပါတယ်။

(၂) ရင်းနှီးမြှပ်နှံမှုတစ်ခုအနေနဲ့ နာရီမဝယ်ပါနဲ့

Photo: Freepik

တချို့ကပြောကြပါတယ်။ နာရီတစ်လုံးရဲ့ ရင်းနှီးမြှပ်နှံမှုတန်ဖိုးကို ကြည့်ပြီး ဝယ်တာက အကောင်းဆုံးနည်းလို့ ဆိုပါတယ်။ ဒါလည်း မှားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း Luxury Watch တစ်လုံးကို ဝယ်ထားပြီး နောင်တစ်ချိန် ဒီနာရီက ဒီထက်မကတန်နိုင်တယ်ဆိုတဲ့ အမြင်နဲ့ ဝယ်တာဟာ မြေယာအိမ်ခြံဝယ်သလောက်ကို အမြော်အမြင်မရှိတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ နာရီဝယ်တဲ့အခါ တချိန်ချိန် မြတ်မယ်အထင်နဲ့ မဝယ်ပါနဲ့။ တခြားသူတွေ တိုက်တွန်းလွန်းလို့လည်း မဝယ်ပါနဲ့။ ကိုယ့်လက်မှာ ပတ်လိုက်တိုင်း ယုံကြည်မှုအပြည့် ရှိပြီး ဝတ်လိုက်တိုင်း စိတ်တိုင်းကျနေတဲ့ နာရီမျိုးပဲ ဝယ်ပါ။

(၃) နောက်ဆက်တွဲကုန်မယ့် စရိတ်တွက်ပါ

Photo: Freepik

တချို့ နာရီတွေက ပြီးပြီးရော ပစ်ထားလို့ မရပါဘူး။ ကြိုးအသစ်လဲပေးရတာနဲ့။ ပုံမှန် ထိန်းသိမ်းမှုလုပ်ပေးရတာနဲ့ နောက်ဆက်တွဲ ကုန်စရာလေးတွေ ရှိတတ်ပါတယ်။ ဒီတော့ ကိုယ်ကြိုက်လို့ ဝယ်ချင်တဲ့ နာရီတောင်မှ ပျက်ရင် ပြင်ပေးမယ့် တရားဝင် Service Center ရှိသလား။ မှန်ပွန်းလို့ လဲမယ်။ ဘက်ထရီအသစ်လဲမယ် စသည်ဖြင့် Service Cost များသလားပါ အရင်ကြိုစဉ်းစားထားဖို့ လိုပါတယ်။

(၄) တခြားသူတွေရဲ့ အသံလည်း နားထောင်ပါ

Photo: Freepik

နာရီတစ်လုံး ကြိုက်ပြီ။ ဝယ်ဖို့လည်း ပိုက်ဆံ ရှိနေပြီဆိုရင်တောင် ချက်ချင်းမဝယ်လိုက်ပါနဲ့။ ကိုယ့်အရင် ဒီနာရီမျိုး ဝယ်ထားသူတွေရဲ့ အမြင်နဲ့ အသံတွေလည်း နားထောင်ကြည့်ပါဦး။ အခုခေတ်မှာဆို နာရီကုမ္ပဏီတိုင်း Facebook Page နဲ့ Website တွေ ထောင်ထားပြီး သူတို့ ထုတ်ကုန်တွေကို မိတ်ဆက်ကြော်ငြာထားပါတယ်။ ဒီ Page နဲ့ Website တွေနဲ့ နာရီ Group တွေပေါ်က Feedback/Review & Rating တွေ ပြန်ကြည့်ပါ။ လက်တွေ့ဝယ်ထားတဲ့ အသိမိတ်ဆွေတွေကိုပါ မေးစမ်းကြည့်သင့်ပါတယ်။