ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရင် ကြာလာတဲ့အခါမှာ ဒီအရာ ၄ ခု ဖြစ်လာနိုင်ပါတယ်။

စိတ်ဓာတ်ကျလာခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ ဘာကိုပဲဖြစ်ဖြစ် မလုပ်ရသေးပဲနဲ့ ငါလုပ်နိုင်ပါ့မလား၊ မလုပ်နိုင်ဘူးထင်တယ်၊ မဖြစ်နိုင်ဘူးထင်တယ်ဆိုတဲ့ အတွေးတွေပဲ တွေးနေမိပါလိမ့်မယ်။ တစ်ခုခုဆို အကောင်းဘက်ကိုအရင်မတွေးပဲ အဆိုးဘက်ကိုပဲ အရင်တွေးနေမိမယ်။ အဲ့လိုနဲ့ပဲ လက်လျော့လိုက်ပြီး စိတ်ဓာတ်တွေကျလာမှာပါ။

သိမ်ငယ်စိတ်၊ ကြောက်စိတ်တွေဝင်လာခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် အမြဲတမ်း သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ ဝင်နေမှာပါ။ သူများကိုကြည့်ပြီးပဲ အားကျနေမှာပါ။ သူများတွေလုပ်နိုင်တာ၊ အောင်မြင်တာကိုတွေ့ရင် ငါကျမလုပ်နိုင်ဘူး၊ ငါကတော့ အဲ့လိုဖြစ်လာမှာမဟုတ်ပါဘူးဆိုပြီး သိမ်ငယ်စိတ်တွေ ဝင်လာမယ်၊ အလိုလိုနေရင်းနဲ့ ဝမ်းနည်းလာပါမယ်။

ကြိုးစားချင်စိတ်မရှိတော့ခြင်း

အစထဲက ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူက တစ်ခုခုကို အရဲစွန့်ပြီးလုပ်လိုက်လို့ ကျရှုံးသွားတဲ့အခါမှာ သူများထက်ကို ပိုပြီးတော့ စိတ်ထိခိုက်လွယ်၊ ဝမ်းနည်းလွယ်လာမယ်၊ စိတ်ဓာတ်တွေပိုကျပြီး ပြန်ကြိုးစားချင်စိတ်မရှိတော့ဘူး။ စိတ်ထိခိုက်လွယ်တဲ့သူတွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးလာတဲ့အခါ depression ဝင်တာတွေအထိ ဖြစ်လာတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုမကျေနပ်တာတွေများလာခြင်း

သူများတွေကိုပဲကြည့်ပြီး အားကျနေတယ်၊ ကိုယ့်ကိုယ်ကိုကျ ယုံကြည်မှုမရှိတဲ့အတွက် ငါမလုပ်နိုင်ဘူး၊ ငါကျဘာလို့ဒီလိုဖြစ်နေရတာလဲ၊ ငါကျ သူတို့လို ဘာလို့မဖြစ်နိုင်တာလဲဆိုတဲ့ မကျေနပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တွေတင်နေမယ်၊ ကိုယ့်ကိုယ်ကိုပဲ မကျေနပ်တာတွေ များနေပါမယ်။ ဒါတွေကြောင့် ကိုယ့်စိတ်ပဲ ပိုပြီးထိခိုက်ရပါတယ်။