မင်္ဂလာပါနော်။ အဆီပြန်အသားအရေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လွယ်လို့ Skincare လုပ်တဲ့အခါ မမှားအောင် အရမ်းသတိထားရပါတယ်။ ဒါပေမယ့် အဆီပြန်အသားအရေရှိတာက အဆိုးချည်းပဲတော့ မဟုတ်ပါဘူးနော်။ သူ့ကို နည်းမှန်မှန်နဲ့ သေချာဂရုစိုက်တတ်မယ်ဆိုရင် အသားအရေလေး Glow စေနိုင်တဲ့အပြင် အခြားသော အကျိုးကျေးဇူးအချို့လည်း ရနိုင်ပါသေးတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အဆီပြန်အသားအရေရှိခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

သဘာဝအတိုင်း အစိုဓာတ်ရပြီး အသားအရေချောမွေ့စေတယ်


မျက်နှာမှာထွက်တဲ့အဆီက အစိုဓာတ်တစ်မျိုးဖြစ်တာမို့ Oily Skin ရှိသူတွေက အသားခြောက်မှာ သိပ်စိတ်ပူစရာမလိုပါဘူးနော်။ အဆီရှိနေတဲ့အခါ မျက်နှာက ကြမ်းခြောက်ခြောက်မဖြစ်တော့ဘဲ ပိုပြီးချောမွေ့သလိုလည်း မြင်ရပါတယ်။

အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နောက်ဆုတ်ပေးတယ်


အသက်အရွယ်ရလာတာနဲ့အမျှ မျက်နှာမှာရှိတဲ့အဆီအနှစ်တွေဆုံးရှုံးပြီး အရေးအကြောင်းတွေ ထွက်တတ်တာမို့ အသားအရေမှာအဆီဓာတ်ရှိနေတာက လွယ်လွယ်နဲ့အသားမခြောက်ရအောင် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက မျက်နှာရဲ့ အဆီဂလင်းထွက်တဲ့နေရာတွေဟာ အရေပြားအတွင်းလွှာပိုထူပြီး အရေးအကြောင်းတော်ရုံနဲ့မထွက်တာကို တွေ့ရတယ်လို့လည်း ပြောကြပါတယ်။

ပတ်ဝန်းကျင်က ဖုန်နဲ့ နေဒဏ် တွေကနေကာကွယ်ပေးနိုင်တယ်


အဆီပြန်တာက ပတ်ဝန်းကျင်ကလာတဲ့ လေ၊ ဖုန်နဲ့ နေလောင်ဒဏ်တွေ အရေပြားပေါ်တိုက်ရိုက်မထိအောင် အလွှာတစ်ခုအနေနဲ့ ခံပေးထားသလိုဖြစ်စေပါတယ်နော်။ ဒါ့အပြင် အဆီဓာတ်မှာပါတဲ့ Fatty Acid ကလည်း နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင် ကာကွယ်ပေးနိုင်မှာပါ။

Skincare ထူထူလိမ်းဖို့ မလိုအပ်ဘူး


အဆီပြန်အသားအရေ အမျိုးအစားက အခြား Skin Type တွေနဲ့ယှဉ်ရင် Skincare ကို ထပ်ခါထပ်ခါ လိမ်းစရာမလိုပါဘူး။ လိမ်းတာများရင်လည်း ချွေးပေါက်ပိတ်သွားတတ်တာမို့ Cleansing ပြန်လုပ်တဲ့ အဆင့်ကသာ အရေးအကြီးဆုံးပါ။ ပေါ့ပေါ့ပါးပါးလေး စိမ့်ဝင်အောင်လိမ်းရုံနဲ့ လုံလောက်တဲ့အပြင် သင့်အနေနဲ့ Skincare ကိုပါ ချွေတာလိုက်သလို ဖြစ်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar