ကိစ္စတစ်ခုခုကြောင့် အရမ်းစိတ်ဆိုး၊ စိတ်ပျက်သွားပြီး ကိုယ်နဲ့လမ်းခွဲဖို့လုပ်နေတဲ့ ရည်းစားကို ကိုယ့်ဆီပြန်လာအောင်၊ သူစိတ်ပြေသွားအောင် ကြိုးစားလုပ်ဆောင်နိုင်မယ့် ရိုးရှင်းသောနည်းလမ်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

တောင်းပန်ပါ

ကိုယ့်ဘက်ကမပြတ်နိုင်ရင်၊ လမ်းမခွဲနိုင်ရင်တော့ ဘာမှစဉ်းစားမနေပါနဲ့၊ တောင်းပန်ပါ။ သူစိတ်ကျေနပ်တဲ့အထိ အမျိုးမျိုးကြိုးစားပြီး တောင်းပန်ပါ။ ခဏလောက်တောင်းပန်ပြီး သူ့ဘက်ကမလျှော့လို့ မတောင်းပန်တော့ပဲနေရင်တော့ ပြတ်မယ့်သူဆို ပြတ်မှာပါပဲ။ ဒါကြောင့် ကြိုးစားအားထုတ်မှု လိုပါတယ်။ သူ့ဆီက ခွင့်လွှတ်မှုမရမချင်း၊ သူစိတ်မပြေမချင်း တောင်းပန်ပါ။

အချိန်တစ်ခုပေးပါ

ကိုယ့်ဘက်က အသည်းအသန် တောင်းပန်နေတာတောင်မှ၊ ရက်တွေအကြာကြီး၊ တစ်ချိန်လုံး တောင်းပန်နေတာတောင်မှ သူ့ဘက်က တင်းမာနေတုန်းပဲဆိုရင် အချိန်တစ်ခုပေးလိုက်ပါ။ မနှောင့်ယှက်တော့ပဲ ထားလိုက်ပါ။ ကိုယ်သူ့ကိုချစ်ကြောင်း၊ လွမ်းကြောင်း စာလေးတွေပဲ နေ့တိုင်း နည်းနည်းစီပို့ပေးနေပါ။ ဖုန်းဆက်တာ၊ သွားတွေ့တာမျိုးတွေတော့ မလုပ်ပါနဲ့တော့။ သူ့ကိုစဉ်းစားချိန်ပေးလိုက်ပါ။

ပြန်ချော့ပါ

အပေါ်မှာပြောခဲ့တဲ့ နှစ်ချက်လုံးလုပ်ပြီးပြီဆိုရင်တော့ ပြန်ချော့ပါ။ သူကြိုက်တတ်တာလေးတွေ ပို့ပေးတာမျိုး၊ သူ့စိတ်ပျော်ရွှင်စေမယ့်အရာလေးတွေ လုပ်ပေးတာမျိုးနဲ့ ပြန်ချော့ပါ။ ဂရုစိုက်ပြပါ။ ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်ဂရုစိုက်ကြောင်း သိအောင်ပြပေးပါ။ ဒါကတော့ ကိုယ့်ရဲ့ချော့ရမယ့်အပိုင်း ဖြစ်သွားပါပြီ။

သူဖြစ်စေချင်တဲ့အတိုင်းလိုက်လျောပေးလိုက်ပါ

သူ့ဘက်က စိတ်ပြေလာပြီ၊ အခြေအနေနည်းနည်းကောင်းလာပြီဆိုရင် သူဖြစ်စေချင်တဲ့အတိုင်းတွေသာ လိုက်လျောပေးလိုက်ပါ။ လောလောဆယ်အရေးကြီးတာက သူနဲ့မပြတ်ဖို့၊ ကိုယ့်ဆီပြန်လာဖို့ကို လိုချင်နေတာဖြစ်လို့ သူ့စိတ်တိုင်းကျသာလုပ်ပေးလိုက်၊ နေပေးလိုက်ပါ။ ဒီလောက်ဆိုရင်တော့ သူလည်းကိုယ့်ကိုချစ်တယ်ဆိုရင် ကိုယ့်ဆီသေချာပေါက်ပြန်လာမှာပါ။