အလုပ်မှာဆိုရင် လူအမျိုးမျိုး၊ စိတ်အမျိုးမျိုးရှိတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာပါ။ အလုပ်မှာအမြဲ တွေ့မြင်နေရမှာဆိုတော့ မခေါ်မပြောချင်လည်း မရပါဘူး။ ဒီတော့ အဆင်ပြေအောင် နေရမှာပါပဲ။ အဆင်မပြေရင် စိတ်ပင်ပန်းရပါတယ်။ အလုပ်လုပ်ရတာ ပျော်စရာမကောင်းတော့ဘူးဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်မှာ လူတိုင်းနဲ့အဆင်ပြေစေမယ့် အရိုးရှင်းဆုံးနည်းလမ်း ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ပါ

ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ လုပ်ပါ။ တခြားဟာတွေ စိတ်မဝင်စားပါနဲ့။ ကိုယ်တာဝန်ယူထားရတဲ့ အလုပ်ကို မလုပ်ချင်လို့ သူများကိုလွှဲပေးတာမျိုး မလုပ်ပါနဲ့။ အလုပ်လုပ်တဲ့အခါမှာ အချိန်မဆွဲပဲ၊ နေ့ရွှေ့ညရွှေ့မလုပ်ပဲ စေတနာပါပါနဲ့ သေချာလုပ်ပေးပါ။ တစ်ခုခုကို တာဝန်ပေးလိုက်တိုင်းမှာ ဆင်ခြင်မပေးပဲ အဆင်ပြေအောင် အတတ်နိုင်ဆုံးလုပ်မယ်ဆိုတဲ့ စိတ်ကိုပဲမွေးပါ။ ဒါဆိုရင် သူများအပြောအဆိုလည်း ခံနေစရာမလိုပဲ အလုပ်ကလူတွေလည်း သဘောကျတဲ့သူ ဖြစ်နေမှာပါ။

ကိုယ်ပေါင်းစိတ်ခွာပဲနေပါ

အလုပ်မှာ ဘယ်သူနဲ့တော့ မပေါင်းဘူး၊ စကားမပြောဘူးဆိုတာမျိုးတွေ မလုပ်ပါနဲ့။ အလုပ်ကလူတိုင်းနဲ့ ခင်မင်ရင်းနှီးတာ ကောင်းပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်အောင်ပဲ နေပါ။ အလုပ်ကလူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပြီး ဖော်ရွေပါ။ ပြုံးပြုံးရွှင်ရွှင်နေပါ။ လူတိုင်းနဲ့ပေါင်းပေမယ့် လူတိုင်းအပေါ် စိတ်နှစ်ပြီး ပေါင်းစရာ မလိုပါဘူး။ ကိုယ်ပေါင်းစိတ်ခွာပဲနေပါ။ ဒါဆိုရင် အရာရာအဆင်ပြေမှာပါ။

သည်းခံပါ

အလုပ်မှာ သည်းခံနိုင်တဲ့သူကတော့ လူတိုင်းနဲ့အဆင်ပြေသလို၊ ကိုယ်တိုင်လည်း စိတ်ချမ်းသာရပါတယ်။ သူကငါ့အပေါ် ဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုလုပ်တယ်ဆိုတာတွေကို ခေါင်းထဲမထည့်ပဲ စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားပါ၊ အရာရာကို စိတ်ထဲထည့်မနေပါနဲ့။ လျှောက်မတွေးပါနဲ့။ ဒါဆိုရင် ကိုယ်လည်း စိတ်ချမ်းသာပါတယ်။ သည်းခံလိုက်လို့ အောက်ကျတယ်ဆိုတာ မရှိပါဘူး။ တစ်ခုခုဆို ဘာမှမစဉ်းစား မဆင်ခြင်ပဲ ပြန်ပြောလိုက်မှသာ အမှားတွေဖြစ်ကုန်မှာပါ။

အကောင်းမြင်စိတ်မွေးပါ

သူများအကြောင်းတွေ စိတ်မဝင်စားပါနဲ့။ အရာရာကို မကောင်းမြင်စိတ်များနေရင် ဘယ်သူနဲ့မှ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းမြင်စိတ် များများထားပါ။ အဓိကကတော့ အကောင်းမြင်စိတ်ထားပြီး လူတကာနဲ့ ရေလိုက်ငါးလိုက်နေတတ်ရင် အဆင်အပြေဆုံးပါပဲ။