လေ့ကျင့်ခန်းလုပ်နေပေမယ့် သိပ်ပြီးမထိရောက်တာမျိုး၊ လုပ်တာကြာပေမယ့် ဘာမှထူးခြားမလာတာမျိုး ဖြစ်နေပြီဆိုရင်တော့ ကိုယ်လုပ်နေတဲ့ပုံစံက မှန်နေရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ တကယ်ထိရောက်ပြီးအကျိုးရှိစေဖို့ အမြဲလုပ်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီအချက်တွေက သင့်အတွက် အသုံးဝင်ပြီး အကျိုးရှိစေမှာပါ။

နေ့စဉ်ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီနေ့တော့ စိတ်မပါလို့မလုပ်တော့ပဲ နားလိုက်တာမျိုးတွေ၊ လုပ်လိုက်မလုပ်လိုက်နဲ့ ပျက်ကွက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ မနက်ပိုင်းလုပ်မယ်လို့ စဉ်းစားထားရင် နေ့တိုင်း မနက်တိုင်း ပုံမှန်လုပ်ပါ။ ညနေဘက်လုပ်မယ်ဆိုလည်း နေ့တိုင်း ညနေဘက် ပုံမှန်လုပ်ပါ။

အစားအသောက်

အဆီကျချင်လို့၊ ဝိတ်ကျချင်လို့ လေ့ကျင့်ခန်းလုပ်တယ်ဆိုပြီး လေ့ကျင့်ခန်းတစ်မျိုးထဲကိုပဲ အားကိုးလို့မရပါဘူး။ လေ့ကျင့်ခန်းလုပ်နေတာပဲဆိုပြီး အဆီတက်စေတဲ့ အစားအသောက်တွေကို စားတာမျိုး၊ ဗိုက်ဆာရင်ဆာသလို ထစားတာမျိုး မလုပ်ရပါဘူး။ အစားအသောက်ကိုလည်း သေချာစနစ်တကျနဲ့ စားသောက်တတ်ဖို့ လိုပါသေးတယ်။ အစားအသောက်ကော၊ လေ့ကျင့်ခန်းကော တွဲလုပ်ရင် မြန်မြန်နဲ့ သိသာတဲ့ Result ကို ရပါလိမ့်မယ်။

အိပ်ရေးဝအောင်အိပ်ပါ

လူတစ်ယောက်က အိပ်ရေးဝဖို့၊ အိပ်ချိန်မှန်ဖို့က အရမ်းအရေးကြီးပါတယ်။ အိပ်ရေးတွေပျက်ပြီး လေ့ကျင့်ခန်းလုပ်ရင် လေ့ကျင့်ခန်း သေချာမလုပ်နိုင်ပါဘူး။ ပင်ပန်းပြီး မူးမောတာတွေ ဖြစ်နိုင်ပါတယ်။

စိတ်

လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက စိတ်ပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ Body Goal ကို Target ထားပါ။ ပြီးရင် လုံးဝစိတ်ဓာတ်မကျပဲ၊ မပျင်းမရိပဲ သေချာတက်ကြွစွာနဲ့ လုပ်ပါ။ စိတ်မပါပဲ ဒီနေ့အတွက်လုပ်ရမယ့် လေ့ကျင့်ခန်း မြန်မြန်ပြီးသွားရင် ပြီးရောဆိုပြီး အမြန်လုပ်တာမျိုး၊ ပြီးစလွယ်လုပ်တာမျိုးတွေဆိုရင် ပင်ပန်းတာပဲရှိမယ်၊ အကျိုးရှိမှာ မဟုတ်ပါဘူး။

photo source: www.freepik.com