မင်္ဂလာပါ ပျိုမေတို့ရေ။ Retinol ဆိုတာကတော့ အသက်အရွယ်ရလာတဲ့အချိန် မျက်နှာမှာဖြစ်တတ်တဲ့ အရေးအကြောင်းနဲ့ အမဲစက်တွေကို လျှော့ချဖို့ သုံးရတဲ့ Skincare ပစ္စည်းတစ်မျိုးပါနော်။ Retinol ထုတ်ကုန်တွေကိုတော့ Vitamin A ဓာတ်အခြေခံကာ ပြုလုပ်ထားပြီး သူ့ရဲ့အာနိသင်က အသားအရေတင်းရင်းဖို့အတွက်လိုအပ်တဲ့ ကိုယ်တွင်း Collagen ဓာတ်ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

Photo Source: InStyle

ပျမ်းမျှ ၂၀ ကျော်အရွယ်လောက်မှာ Retinol စသုံးတာက အရွယ်မတိုင်ခင် အသားအရေအိုမင်းပျက်စီးခြင်းကို သက်သာစေမှာပါ။ ဒါပေမယ့် Retinol အများစုက အာနိသင်ပြင်းတာမို့ အခုမှစသုံးဖို့စဉ်းစားထားတဲ့သူဆိုရင် လိုတာထက်ပိုမသုံးမိဖို့ သုံးနည်းအမှန်ကို သိထားတာ အကောင်းဆုံးပါ။ ဒီတစ်ခေါက်မှာ အသုံးပြုနည်းအမှားတွေကို ရှောင်နိုင်ဖို့ သတိထားရမယ့် သုံးနည်းအလွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

မနက်ပိုင်း လိမ်းတာ


Skincare အများစုလိမ်းတဲ့အခါ ပါဝင်တဲ့အာနိသင်တွေထိရောက်ဖို့ လိမ်းတဲ့အချိန်နဲ့ အဆင့်မှန်ဖို့လိုသလို Retinol ကလည်း အလားတူပါပဲ။ Retinol ကို မနက်ပိုင်းမှာသုံးတာက အသားအရေအပေါ် အာနိသင်သက်ရောက်မှုကို ထိခိုက်စေတဲ့အပြင် အရေပြားကိုပိုပြီး Sensitive ဖြစ်စေတတ်ပါတယ်။ အရေပြားကျွမ်းကျင်သူတွေကိုယ်တိုင်က Retinol ကို ညပိုင်းတစ်ချိန်သာ သုံးသင့်တယ်လို့ အကြံပေးထားပါတယ်။

အခြားသော ချေးချွတ်အာနိသင်ပါတဲ့ Skincare တွေနဲ့အတူသုံးတာ


Retinol ကို ချေးချွတ်အာနိသင်ပါတဲ့ အခြား Skincare ပစ္စည်းတွေနဲ့ တွဲမသုံးမိဖို့လည်း အရေးကြီးပါတယ်နော်။ ဥပမာ ချေးချွတ်ပစ္စည်းတွေဖြစ်တဲ့ AHA ၊ BHA နဲ့ Vitamin C တို့ပါဝင်တဲ့ ထုတ်ကုန်တွေနဲ့ အတူမသုံးမိအောင် ရှောင်ပေးပါ။ ဒီပစ္စည်းတွေနဲ့ တွဲသုံးတာက အသားအရေကို ပုံမှန်ထက် Sensitive ဖြစ်စေတာမို့ အသားခြောက်ပြီး နီမြန်းတာတွေဖြစ်လာတတ်ပါတယ်။

မျက်လုံးနဲ့အရမ်းကပ်ပြီး လိမ်းတာ

Photo Source: Dermstore

Retinol က မျက်လုံးတစ်ဝိုက်အရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုတာတွေ သက်သာစေလို့ မျက်ခွံတစ်ဝိုက် လိမ်းကြတာများပါတယ်။ ဒါပေမယ့် မျက်လုံးနဲ့အရမ်းကပ်ပြီး မလိမ်းမိအောင်တော့ သတိထားပေးပါ။ မျက်လုံးနားက အသားအရေကအရမ်းနူးညံ့တာမို့ Retinol နဲ့ထိတဲ့အခါ အသားစပ်တာ၊ ရောင်ရမ်းတာတွေဖြစ်တတ်တာကြောင့်ပါ။

လိုတာထက် အလွန်အကျွံလိမ်းတာ


အာနိသင်မထိရောက်မှာဆိုးလို့ များများလိမ်းတာမျိုးက အကျိုးမရှိတဲ့အပြင် အလွန်အကျွံသုံးမိရင် အသားအရေကိုပါ ပြန်ထိတတ်ပါတယ်နော်။ Retinol ကို လက်ချောင်းထိပ်နဲ့ ပဲစေ့တစ်စေ့ပမာဏလောက် ဖြန့်သုံးပေးရုံနဲ့ အာနိသင်ပြဖို့ လုံလောက်တယ်လို့ အရေပြားပညာရှင်တွေက အကြံပေးထားပါတယ်။

Photo Source: Pinterest

By MyStyle Myanmar