ဘဝမှာ ကြုံတွေ့လာရသမျှ အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့အတွက် စာမေးပွဲဖြေသလိုမျိုး ခိုးချလို့ရမယ့် အဖြေစာရွက်တစ်ရွက်သာရှိထားမယ်ဆိုရင် ဘဝကြီးက အပူအပင်သောကတွေမရှိဘဲ သာသာယာယာပဲဖြစ်နေမှာပါ။

ကိုယ်အလေးအနက်ထားပြီး တည်ဆောက်ရယူထားတဲ့ Relationship ကို ရေရှည်ခိုင်မာတည်တံ့စေဖို့နဲ့ တစ်ဦးနဲ့တစ်ဦး သဟဇာတဖြစ်ဖို့အတွက် သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

ကိုယ့်ကိုချစ်လာဖို့ အတင်းလုပ်ယူလို့မရဘူး

လူတွေက အလေးအနက်ထားတဲ့အချစ်ကို ကျေးဇူးမတင်တတ်ကြပါဘူး။ ကိုယ့်ကိုဘယ်လောက်ပဲခေါင်းအစခြေအဆုံး အရမ်းချစ်သူဖြစ်နေပါစေ ကိုယ်မကြိုက်ဘူးဆိုရင် သူ့ကိုပြန်ချစ်ဖို့က အရမ်းခက်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ရွေးချယ်မှုတွေကို တလေးတစား ဆက်ဆံတတ်ဖို့လိုအပ်လို့ ကိုယ့်ကိုယ်ကို ပိုကောင်းပိုတော်လာဖို့ ကြိုးစားပါ။ ဒါဆိုရင် ကိုယ်ချစ်နေရသူကနေပြီး သူတို့ရဲ့အချစ်ဟာ ကိုယ်နဲ့တန်မတန်ဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။

အချစ်ခံရသူတိုင်း ခံစားမိပါတယ်

တစ်စုံတစ်ယောက်က ကိုယ့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံတာမျိုး၊ ကိုယ်နဲ့အချိန်ပိုကုန်ဆုံးတာမျိုး၊ လေးစားမှုရှိတာမျိုး၊ ကိုယ့်ခံစားချက်တွေကို ဂရုစိုက်တာမျိုးတို့လို ဘယ်လိုအချိန်ဖြစ်ဖြစ် တခြားသူတွေနဲ့ကွဲထွက်ပြီး ကိုယ့်အပေါ်ပိုပြီးအလေးထားနေပြီဆိုရင် သေချာပေါက်သတိထားမိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်လက်တွဲဖော်က ကိုယ့်အတွက်အချိန်မပေးနိုင်ဘူးဆိုရင် လက်ရှိအခြေအနေကို သေချာပြန်လည်သုံးသပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။

သူများကိုချစ်တတ်ဖို့ ကိုယ့်ကိုယ်ကိုအရင်ချစ်ပါ

ကိုယ့်ကိုယ်ကိုချစ်တာက သူများတွေပြောသလိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်မဟုတ်ဘဲ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေနဲ့ ခံစားချက်တွေအပေါ်ကို အလေးအနက်ထားခြင်းပဲဖြစ်ပါတယ်။ ဒါဟာ မရေမရာတဲ့ သာယာမှုတွေနဲ့ ကိုယ့်အပေါ်တုံ့ပြန်မှုမရှိတဲ့ သူတစ်ယောက်အပေါ် အလဟဿ အချိန်ကုန်ဖို့အတွက် ကိုယ့်ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့သဘောပါပဲ။ ကိုယ့်ကိုယ်ကိုချစ်တတ်ခြင်းဖြင့် အခြေအနေတိုင်းမှာ ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ပြုမူနိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ကိုယ့်ကိုယ်ကိုချစ်တတ်ပြီဆို တခြားသူတွေကိုလည်း ချစ်ခြင်းမေတ္တာ၊ လေးစားမှုတို့နဲ့ ဆက်ဆံပေါင်းသင်းလာတတ်ပြီး သူများအလိုဆန္ဒမပါဘဲ အတင်းအကြပ်စေခိုင်းတော့မှာမဟုတ်ပါဘူး။

ကိုယ့်ကိုမချစ်တော့သူတစ်ယောက်ကို အတင်းအကြပ်ဆွဲမထားပါနဲ့

ဒါဟာ Relationship မှာ လူအများစုလုပ်လေ့ရှိတဲ့ အမှားတစ်ခုပါ။ ကိုယ့်ကိုမလိုလားတော့တဲ့သူတစ်ယောက်ကို အတင်းချုပ်ထားပြီး နေ့စဥ်စိတ်ဆင်းရဲနေမယ့်အစား ဖြစ်ပြီးသားတွေကိုမေ့ထားလိုက်ပြီး ကိုယ့်ကိုချစ်နိုင်မယ့်သူအပေါ်မှာပါ အချိန်ကုန်ဆုံးလိုက်ပါ။

Source: BrightSide

By MyStyle Myanmar