လူတော်တော်များများ အထီးကျန်မှုကို ခံစားဖူးကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ဖူးစာဖက်နဲ့တောင် ဒီတစ်သက် မတွေ့နိုင်တော့ဘူးလို့တောင် ထင်ထားကြတဲ့လူတွေရှိနေပါတယ်။ ဒီလိုထင်နေရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

အရင် Relationship ကိုစိတ်မပြတ်နိုင်တာ

အရင် Relationship ကိုစိတ်မပြတ်သေးတဲ့ လူရဲ့ရင်ခွင်ထဲကို ဘယ်သူမှ လာချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ယူပါ။ အရင် Relationship ကိုပြန်တည်ဆောက်ချင်တာလား (သို့) Relationship အသစ်တစ်ခုတည်ဆောက်ချင်တာလား။ ကိုယ်ဘာလိုချင်လဲဆိုတာကို သိအောင်လုပ်ပါ။

မျှော်လင့်ချက်တွေ များနေတာ

တစ်ချို့မိန်းကလေးလေးတွေက မင်းသားတွေကို အိပ်မက်မက်ကြပါတယ်။ ဒီလိုပဲ တစ်ချို့ယောက်ျားလေးတွေက အဖက်ဖက်ကနေပြီးပြည့်စုံတဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ များနေတာက အနာဂတ်မှာ အပျိုကြီး/လူပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အရင်ဆုံး မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ။ တစ်ခြားလူကို ကိုယ်ဘာတွေလုပ်ပေးနိုင်လဲ။ ကိုယ့်ဘက်က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အရင်တွေးပါ။

ပိုင်ရှင် ရှိပြီးသားလူကို စောင့်နေတာ

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ မဖြုန်းပါနဲ့။ ဘဝမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပိုင်ရှင်ရှိပြီးသားလူကိုတော့ စောင့်မနေပါနဲ့။ တကယ်လို့ သူ (သို့) သူမကို ဖြတ်ပြီး သင့်ဆီကိုလာမယ်ဆိုရင်လည်း လက်မခံပါနဲ့။ တစ်ခါဖောက်ပြန်ဘူးတဲ့လူဟာ နောက်တစ်ခါဖောက်ပြန်ဖို့ ဝန်မလေးတက်ပါဘူး။ ပြီးတော့ သင့်အနေနဲ့လည်း သံသယတွေနဲ့ ရှင်သန်သွားရပါလိမ့်မယ်။

ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိတာ

“သူတို့တွေအားလုံးကအတူတူတွေချည်းပဲ။” “သူတို့တွေက ဒါကိုပဲ မက်မောကြတာ။” ဒီစကားလုံးတွေကို အမျိုးသားနဲ့ အမျိုးသမီးအများစုတွေဆီကနေ ကြားရလေ့ရှိပါတယ်။ ဒီလိုပြောတဲ့လူတွေမှာ ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်။ သူတို့တွေဟာ ဒီလိုလူတွေပဲရှိတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်ခဲ့ရတဲ့ လူတွေဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဒီလိုလူတွေကိုပဲ ချစ်ကြိုက်မိခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

လူတိုင်းကိုတော့ လွယ်လွယ်ကူကူမယုံမိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်ကြုံခဲ့ရတဲ့လူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ အနားကလူတွေကို တွန်းဖယ်ပစ်တာမျိုး မလုပ်မိဖို့လည်းလိုအပ်ပါတယ်။ သင့်ရဲ့ ရည်းစားဟောင်းက သင့်ကို နာကျင်အောင်လုပ်သွားတာ သင့်ရဲ့အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် လာကပ်သမျှလူတွေကို သင့်ရဲ့ ရည်းစားဟောင်း လိုပဲထင်နေရင်တော့ သင့်အပြစ် ဖြစ်သွားပါလိမ့်မယ်။

Source: Bright Side