အတွေးတွေဟာ လူတစ်ယောက်ကို ပြောင်းလဲဖို့ သိပ်ကို အရေးပါပါတယ်။ အတွေးတွေဟာ သဘောထားတွေ ဖြစ်လာပြီး သဘောထား ခံယူချက်တွေကပဲ လူတွေကို အဆင့်အတန်းအမျိုးမျိုး ပြောင်းလဲပစ်တာပါ။ ဒါကြောင့် ကိုယ့်ကို တိုးတက်အောင် မြှင့်တင်ပေးနိုင်မယ့် နောက်ပြီး အမြဲခေါင်းထဲမှာ ထားသင့်တဲ့ အတွေးတစ်ချို့ကို ညွှန်းချင်ပါတယ်။

(၁) ကိုယ့်ဘဝကို လက်ခံပါ။ ကိုယ့်ဘဝကို အတိုက်အခံမလုပ်ပါနဲ့

Photo: The Telegraph

ဘဝမှာ ကြုံလာတဲ့ အခြေအနေတစ်ချို့ကို အကြံ့ခိုင်ဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရှိတရားကို လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ပြုပြင်လို့မရခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် တွန်းလှန်ငြင်းဆန်နေမယ့်အစား လက်ခံလိုက်ခြင်းဟာ ပိုပြီးကောင်းမွန်တဲ့အရာတွေ ဖန်တီးဖို့ တံခါးတစ်ချပ်ဖွင့်လှပ်လိုက်တာပါပဲ။ ဒါ့ကြောင့် အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ ဖြစ်ခဲ့သမျှတွေ ၊ ပြီးဆုံးသွားတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် လက်ခံမယ်လို့ အရင်ဆုံးတွေးပါ။

(၂) ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ မရှုံ့ချပါနဲ့။

Photo: Freepik

လေးစားမှုရှိပါ။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် လေးစားချီးကျူးမှုလုပ်ပါ။ နှိုးဆော်တိုက်တွန်းအားပေးတတ်တဲ့ အကျင့်ထားပါ။ အဆိုးမြင်ခြင်းကို တိုက်ထုတ်ဖို့ အကောင်းဆုံး အကောင်းမြင်နည်းတွေထဲက တစ်ခုက ပိုကောင်းတဲ့ အဖြေတစ်ခု ရှာကြည့်တာပဲ ဖြစ်ပါတယ်။

(၃) ဦးနှောက်မုန်တိုင်းဆင်ပါ။ အပြစ်မုန်တိုင်းတွေ မတင်ပါနဲ့။

Photo : GoFundMe

ဘယ်သူနဲ့ပဲ ကြုံကြုံ ဘာတွေပဲ လုပ်လုပ် ဖန်တီးမှုစွမ်းရည်တက်ဖို့ အများနဲ့ ဦးနှောက်ချင်းမီးကူးတဲ့ Brainstorm အလေ့အကျင့်လုပ်ပါ။ တစ်ယောက်ကို တစ်ယောက် အပြစ်‌တွေ လွှဲချတတ်တဲ့ Blame-Storm မလုပ်ပါနဲ့။ ဘယ်တော့ဖြစ်ဖြစ် ဘယ်သူ့ကိုဖြစ်ဖြစ် ပူးပေါင်းပြီး အကောင်းဆုံးတွေ ဖော်ထုတ်ဖို့ပဲ စဉ်းစားပါ။ အပြစ်တင်မှုရပ်စဲခြင်းလုပ်မယ်လို့သာ တွေးထားပါ။

(၄) တစ်ခုချင်းစီပဲ လုပ်နေပါ။ ဟိုဟာဒီဟာ အကုန်ထဲ မပါပါနဲ့

Photo : Pinterest

ကိုယ့်ရဲ့ အရည်အချင်း ၊ စရိုက် ၊ ဝါသနာနဲ့ အကိုက်ညီဆုံး ကိစ္စကိုပဲ လုပ်ပါ။ အားလုံးကို သိမ်းကြုံးလုပ်ဖို့ မစဉ်းစားပါနဲ့။ Pareto Principle စည်းမျဉ်းဆိုတာ ရှိပါတယ်။ ကိုယ့်မှာ လုပ်စရာ ၁၀ ခုရှိရင် ကိုယ့်ရလဒ်ရဲ့ ၈၀% ဟာ ကိုယ့်အားထုတ်မှုရဲ့ ၂၀% က လာတာလို့ ဆိုပါတယ်။

ဒီတော့ အကောင်းဆုံးလုပ်နိုင်မယ့် အရာ၂ ခုကို အရင်ဆုံး ပြီးအောင်လုပ်။ ဒါဆို ကျန်တာတွေ လုပ်ရတာလွယ်သွားမှာ ဖြစ်သလို အချိန်နဲ့ စွမ်းအင်ပိုင်းလည်း အထိရောက်ဆုံး သုံးပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် Do Something , Not Everything လို့သာ ကိုယ့်ကိုယ်ကိုယ် သတိပေးထားသင့်ပါတယ်။