ယောင်္ကျားလေးတွေက နှုတ်ခမ်းမွှေးမလိုချင်ရင် ရိတ်လိုက်လို့ရပေမယ့် မိန်းကလေးတွေကျတော့ ရိတ်ဖို့က အဆင်မပြေပါဘူး။ တချို့က နှုတ်ခမ်းမွှေးရေးရေးလေး ပေါက်တာမျိုးရှိသလို တချို့ကျတော့လည်း များတာမျိုးရှိပါတယ်။ မိန်းကလေးမို့ နှုတ်ခမ်းမွှေးမရှိရဘူးဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် တချို့မိန်းကလေးတွေကျတော့ နှုတ်ခမ်းမွှေးရှိတာကို မကြိုက်ကြပါဘူး။ ဒါကြောင့် ကိုယ်မလိုချင်တဲ့ နှုတ်ခမ်းမွှေးတွေကို ဖယ်ရှားပစ်နိုင်မယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

နွားနို့နဲ့နနွင်းမှုန့်

နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး နှုတ်ခမ်းမွှေးနေရာလေးတွေမှာ လိမ်းထားပေးပါ။ တစ်နာရီခွဲကြာအောင် ထားပြီးမှ နူးညံ့တဲ့အဝတ်နဲ့ သုတ်ပေးပါ။ ပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။

ကြက်ဥအကာ

ကြက်ဥကိုဖောက်ပြီး အနှစ်ကိုဖယ်၊ အကာအရည်ကိုပဲ ယူပါမယ်။ ပြီးရင် ပြောင်းဂျုံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းမွှေးနေရာမှာ သုတ်လိမ်းပြီး တစ်နာရီခွဲထားပါ။ အချိန်ပြည့်မှ ဖယ်ရှားပြီး ရေနဲ့ပြန်သန့်စင်ပေးပါ။ ဒါကတော့ Homemade Peeling လုပ်တာမျိုးပါပဲ။

သကြား

သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ပြီးရင် သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ သကြားအရည်ပျော်ပြီး ပျစ်ပျစ်လေးဖြစ်လာရင် အအေးခံလိုက်ပါ။ အေးသွားမှ နှုတ်ခမ်းမွှေးနေရာလေးတွေကို သုတ်လိမ်းထားပါ။ ပြီးရင်တော့ ခြောက်ရင် တစ်ချက်ထဲ မြန်မြန်ဆွဲခွာလိုက်ပါ။ ဖြေးဖြေးချင်းစီဆွဲခွာနေရင် နာမှာပါ။ ဒီနည်းလမ်းကတော့ Wax လုပ်သလိုပါပဲ။

ပျားရည်၊ ဒိန်ချဉ်နဲ့ နနွင်းမှုန့်

ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – အနည်းငယ်ကို ရောမွှေပြီး နှုတ်ခမ်းမွှေးနေရာမှာ လိမ်းထားပါ။ မိနစ် ၂၀ ထားပြီးရင် နူးညံ့တဲ့အဝတ်နဲ့သုတ်ပြီး ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။