မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီလိုပူပြင်းခြောက်ကပ်တဲ့ရာသီမှာ ချွေးထွက်များပြီး ဖုန်နဲ့အညစ်အကြေးတွေ ကပ်လွယ်တာကြောင့် သင့်အသားအရေကိုပိုပြီး ဂရုစိုက်ပေးဖို့လိုလာပါပြီနော်။ ဝက်ခြံ၊ အပူဖု၊ အမဲစက်နဲ့ နေလောင်ကွက်စတဲ့ အရေပြားပြဿနာတွေအဖြစ်များတဲ့ရာသီဖြစ်လို့ အစိုဓာတ်ဖြည့်ပြီး အသားလည်း အေးစေတဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးနိုင်ရင်အကောင်းဆုံးပါပဲ။


ဒီလိုသဘာဝပစ္စည်းတွေထဲမှာ ဆေးဖက်ဝင်တဲ့ စန္ဒကူးနံ့သာက အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးပြီး အသားအရောင်ညီစေတဲ့အပြင် နေလောင်ဒဏ်၊ အသားခြောက်တာနဲ့ အရေးအကြောင်းပေါ်တာတွေကိုပါ သက်သာစေပါတယ်။ ဒါကြောင့် အပူများတဲ့ရာသီမှာ အရေပြားပြဿနာ ကင်းစေဖို့ စန္ဒကူးနံ့သာမှုန့်သုံးပြီး အသားအရေပေါင်းတင်ထိန်းသိမ်းနည်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ စန္ဒကူးနဲ့ သံပယိုရည်


အဆီပြန်အရေပြားရှိသူတွေနဲ့အဆင်ပြေစေမယ့်နည်းဖြစ်ပါတယ်။ စန္ဒကူးနံ့သာမှုန့်နဲ့ သံပယိုရည်နှစ်ဇွန်းစာကို ရောမွှေပြီး ပေါင်းတင်အနှစ်ကို သင့်မျက်နှာမှာခြောက်သွားတဲ့အထိ လိမ်းထားပေးပါ။ ပြီးနောက် ရေနွေးနွေးနဲ့ပြန်ဆေးပေးရပါမယ်။ ဒီနည်းနဲ့ပေါင်းတင်ပေးတာက အသားအရေအဆီထုတ်လုပ်မှုကို ပုံမှန်ဖြစ်စေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။

၂။ စန္ဒကူး၊ ခရမ်းချဉ်သီး၊ သခွားသီးအရည်နဲ့ ပျားရည်


အရည်ညစ်ထားတဲ့သခွားသီးနဲ့ ခရမ်းချဉ်သီး အရည်တစ်ဇွန်းစီကို ပျားရည်တစ်ဇွန်း၊ စန္ဒကူးနံ့သာမှုန့် သုံးဇွန်းလောက်နဲ့ရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်သွားအောင်မွှေပေးရပါမယ်။ ပြီးနောက်မျက်နှာအနှံ့လိမ်းပြီး ၂၅ မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ဆေးပေးပါ။ သူက သင့်အသားအရေချောမွေ့လာဖို့နဲ့ နေလောင်ကွက်တွေသက်သာစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ စန္ဒကူးနဲ့ သခွားသီး


စန္ဒကူးနံ့သာကို သခွားသီးတစ်မျိုးထဲနဲ့ရောပြီး ပေါင်းတင်တာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ လုပ်ရမယ့်ပုံစံက စန္ဒကူးအမှုန့် နှစ်ဇွန်းကို သခွားသီးအရည်နဲ့ဆတူရောပြီး နေလောင်ထားတဲ့နေရာတွေ အသားမညီတဲ့နေရာတွေကို လိမ်းထားပေးပါ။ ခြောက်သွားတဲ့အခါ ရေနဲ့ပြန်ဆေးပြီးနောက် သင့်အသားအရေအေးမြပြီး အစိုဓာတ်ရသွားတာကိုတွေ့ရပါလိမ့်မယ်။

၄။ စန္ဒကူးနဲ့ ကြက်ဥအနှစ်


အသားအရေကောင်းပြီး အရေးအကြောင်းသက်သာချင်တယ်ဆိုရင်တော့ ဒီနည်းနဲ့ပေါင်းတင်ပေးဖို့ အကြံပြုချင်ပါတယ်။ အသုံးပြုရမယ့်ပစ္စည်းတွေက ကြက်ဥအနှစ်တစ်လုံး၊ ဒိန်ချဉ်တစ်ဇွန်းခန့်နဲ့ စန္ဒကူးနံ့သာ သုံး၊ လေးဇွန်းလောက်ကို ပေါင်းတင်အနှစ်ရတဲ့အထိမွှေပြီး မျက်နှာမှာ ၁၅ မိနစ်လိမ်းထားပေးရမှာပါ။ ပြီးရင်တော့ခပ်နွေးနွေးတဲ့ရေနဲ့ ဆေးချပေးရမှာဖြစ်ပါတယ်။

Photo Source: Pinterest