ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲအောင် လုပ်နိုင်တာကတော့ ကိုယ်တိုင်ပါပဲ။ အကောင်းအဆိုး အားလုံးကို ကိုယ်တိုင်ဖန်တီးယူနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ဘယ်သူ့မှအားမကိုးပဲ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ပါ။ ကြိုးစားပါ။ ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့အတွက် အရေးအကြီးဆုံးအရာ ၄ ခု ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့

အရေးအကြီးဆုံးအရာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ ပျော့ညံ့တဲ့စိတ်တွေ ရှိနေလို့ လုံးဝမရပါဘူး။ ဘာမဆိုငါလုပ်နိုင်တယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့သာ ကြိုးစားပါ။ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်၊ ယုံကြည်တဲ့စိတ် အပြည့်သွင်းထားမှ ကိုယ့်အတွက်လည်း အားဖြစ်စေမှာပါ။

ရည်မှန်းချက်ခိုင်မာဖို့

တိုးတက်ပြောင်းလဲချင်ပေမယ့် ရည်မှန်းချက် ခိုင်ခိုင်မာမာ မရှိရင်လည်း လမ်းပျောက်နေမှာပါ။ ဒါကြောင့် ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခုကို ထားဖို့လိုပါတယ်။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ခိုင်ခိုင်မာမာထားပြီး ဖြစ်အောင်လုပ်ရပါမယ်။

လက်တွေ့အကောင်အထည်ဖော်ဖို့

ရည်မှန်းချက်ရှိပြီဆိုရင် ဖြစ်လာအောင် အကောင်အထည်ဖော်ပါ။ ကြိုးစားပါ။ ကိုယ့်ရည်းမှန်းချက်အတိုင်းမဖြစ်မချင်း ကြိုးစားဖို့လိုပါမယ်။ အရာရာကို လေ့လာသင်ယူပါ။ မပျင်းပါနဲ့။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက ကိုယ့်ဘဝကို အများကြီးပြောင်းလဲပေးပါလိမ့်မယ်။

စိတ်ဓာတ်မာကြောဖို့

ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲအောင် လုပ်ချင်တယ်ဆိုရင် စိတ်ဓာတ်မာကြောဖို့ လိုပါတယ်။ စိတ်ဓာတ်ပျော့ညံ့နေရင်တော့ ဘာလုပ်လုပ် စိတ်ဓာတ်ကျပြီး တိုးတက်မှာ မဟုတ်ပါဘူး။ အရှုံးပေးချင်စိတ်၊ လက်လျော့ချင်စိတ်တွေ ဝင်လာမှာပါ။ ဒါကြောင့် ဘယ်အရာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပါ။ အောင်မြင်အောင် အစွမ်းကုန်ကြိုးစားပါ။ ကျရှုံးသွားရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ပြန်ထပြီး အရင်ထက်နှစ်ဆ ပိုကြိုးစားပါ။ ဒီလိုစိတ်ဓာတ်မာကြောပြီး အရှုံးမပေးတတ်တဲ့သူက သူများထက်ပိုပြီး အောင်မြင်မှုကို ရရှိမှာပါ။