Gel လက်သည်းနီဆိုးရင် လက်သည်းပျက်စီးပါတယ်။ ဒါကြောင့် ဆိုးတဲ့အခါမှာ လက်သည်းကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဆိုင်မှာသွားဆိုးရင်တော့ ဆိုင်ကသေချာလုပ်ပေးပေမယ့် တချို့ကျတော့ အိမ်မှာပဲဆိုးတာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် အိမ်မှာဆိုးရင်လည်း သေချာဆိုးလို့ရအောင်၊ အမှားတွေမလုပ်မိအောင် ဆင်ခြင်နိုင်ဖို့အတွက် Gel လက်သည်းနီဆိုးတဲ့အချိန်မှာ ပြုလုပ်မိတဲ့အမှား ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

အထပ်အထပ်ဆိုးတာ

Gel လက်သည်းနီကိုဆိုးမယ်ဆိုရင် တစ်ခါထဲနဲ့ များများဆိုးချင်ဆိုးပါ။ အဲ့လိုမဟုတ်ပဲ ဆိုးပြီး ခဏနေမှ ထပ်ဆိုးလိုက်၊ ပြီးရင် ခဏနေရင် ထပ်ဆိုးလိုက်နဲ့ ခဏခဏထပ်ဆိုးနေတာက လက်သည်းအလှပျက်စေပါတယ်။ ထူထူပျစ်ပျစ်ကြီးဖြစ်ပြီး လုံးဝမလှပါဘူး။

ဆိုးပြီးရင်အကြာကြီးထားတာ

Gel လက်သည်းနီဆိုးရင် အများဆုံး ၂ ပတ် ၊ ၃ ပတ်ထက် ပိုမထားသင့်ပါဘူး။ ၃ ပတ်ထက်ပိုထားရင် လက်သည်းပျက်စီးစေပါတယ်။

ဆိုင်မှာမဖျက်ပဲကိုယ်တိုင်လုပ်တာ

Gel လက်သည်းနီဆိုးပြီးရင် တော်တော်များများက သူ့ဘာသာသူကွာပြီးပျက်သွားတဲ့အထိ ထားတတ်ကြတယ်။ နည်းနည်းကွာသွားရင် လက်နဲ့ပဲ ဆွဲခွာလိုက်ကြတယ်။ ဒီလိုလုပ်တာက လက်သည်းအသားတွေပါ ကွာသွားပြီး လက်သည်းပျက်စီးစေတယ်။ လက်သည်းအထစ်ထစ်တွေ ဖြစ်စေပါတယ်။ ဒါကြောင့် Gel လက်သည်းနီဆိုးပြီး ဖျက်မယ်ဆိုရင် ဆိုင်မှာပဲ သေချာဖျက်သင့်ပါတယ်။

အသားမာနဲ့ လက်ဆွယ်ငုပ်တာတွေကိုသေချာမလုပ်တာ

လက်သည်းနီဆိုးတော့မယ်ဆိုရင် ဆိုင်တွေမှာဆို အသားမာတွေနဲ့ လက်ဆွယ်ငုပ်တာတွေကို သေချာလုပ်ပေး၊ ညှပ်ပေးပါတယ်။ ဒီလိုလုပ်မှလည်း လက်သည်းက ပိုလှသွားမှာပါ။ အိမ်မှာကိုယ်တိုင်ဆိုးရင်ကျ ဒါမျိုးမလုပ်ကြတဲ့အတွက် လက်သည်းက ဆိုင်မှာဆိုးသလို မလှတာမျိုး အမြဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာဆိုးမယ်ဆိုလည်း ကိုယ့်လက်သည်းကို သေချာလှအောင် အရင်လုပ်ပြီးမှ ဆိုးပေးပါ။

Source:www.self.com