အလုပ်လုပ်နေပေမယ့် ပိုက်ဆံမစုဖြစ်ဘူး၊ ပိုက်ဆံတွေသုံးရတာ မလောက်ဘူး၊ ဘယ်ရောက်ကုန်မှန်းမသိဘူး ဆိုတဲ့သူတွေအနေနဲ့ လစာရလာရင် တစ်လတစ်လ ကိုယ်ဘာတွေလုပ်နေလဲ၊ ဘာတွေသုံးနေမိလဲ ဆိုတာကို ပြန်စစ်ကြည့်ဖို့ လိုနေပါပြီ။ ဒါမှလည်း ဆင်ခြင်လို့ရမှာပါ။ တော်တော်များများ အလုပ်လုပ်နေပေမယ့် ပိုက်ဆံမစုဖြစ်တဲ့ အဓိကအကြောင်းအရင်းက ဒီ ၄ ခုကြောင့်ပဲ ဖြစ်တာများပါတယ်။

သေချာစီမံမှုမရှိခြင်း

လစာထုတ်လာပြီဆိုရင် အရင်ဆုံး သေချာခွဲခြမ်းပြီး စီမံဖို့လိုပါတယ်။ လစာထုတ်လာပြီး သေချာမစီမံပဲ ရရ သုံးသုံး လုပ်နေတာတွေကြောင့် ပိုက်ဆံမစုဖြစ်တာပါ။ ဒါကြောင့် လစာရလာပြီဆိုရင် ဘာမှမသုံးသေးပဲ မိဘကိုပေးဖို့ပိုက်ဆံ၊ လမ်းစရိတ်၊ ကိုယ့်အတွက် အသုံးစရိတ်အနည်းငယ် စတာတွေကို သေချာခွဲခြမ်းပြီး စည်းစနစ်နဲ့သုံးမယ်ဆိုရင် ငွေစုဖြစ်သွားပါလိမ့်မယ်။ သတိထားရမှာက ကိုယ်သုံးချင်တာသုံးဖို့ ဖယ်ပြီးမှ ကျန်တဲ့ငွေကို စုတာမျိုးမလုပ်ပါနဲ့။ တစ်လကို ဘယ်လောက်စုမယ်ဆိုပြီး သတ်မှတ်ထားပါ။ စုပြီးကျန်တဲ့ငွေနဲ့ပဲ လောက်အောင်သုံးပါ။ ဒါဆိုရင်တော့ လတိုင်း ပိုက်ဆံသေချာ စုဖြစ်သွားပါလိမ့်မယ်။

အလွယ်တကူသုံးခြင်း၊ လက်ဖွာခြင်း

လစာရတာနဲ့ ဘာမှမစဉ်းစားပဲ ကိုယ်လိုချင်တာတွေဝယ်ပြီး ရှိရင်ရှိသလိုသုံးတာ၊ လစာမထုတ်ရသေးပဲ ရရင်ပြန်ဆပ်မယ်ဆိုပြီး ကြိုယူသုံးထားတာတွေကြောင့် ပိုက်ဆံက ဘယ်လောက်ရှာရှာမလောက်တာ၊ စုဖို့အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ တန်တာတွေ့ရင်တောင် ဒါက ကိုယ့်အတွက် မရှိမဖြစ် လိုအပ်နေတာလားဆိုတာကို မဝယ်ခင်မှာ သေချာစဉ်းစားပါ။ Want နဲ့ Need ကို မမြဲတမ်း ခွဲခြားပြီး စဉ်းစားလိုက်မယ်ဆိုရင် လစဉ်ထွက်ငွေတွေ နည်းသွားပါလိမ့်မယ်။

အပျော်အပါးလုပ်လွန်းခြင်း

Bar တွေ Club တွေကို အပတ်တိုင်းလိုလိုသွားတာမျိုး၊ အမြဲတမ်း အပျော်အပါးကိစ္စတွေပဲ လုပ်နေတာမျိုးတွေက ပိုက်ဆံထွက်တာ အရမ်းသိသာပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ရက်လောက် ကိုယ့်အားလပ်ရက်မှာ မုန့်ထွက်စားတာမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ သွားလာတာမျိုးလောက်ပဲ လုပ်သင့်ပါတယ်။ ပုံမှန် တစ်ပတ်တစ်ခါ သွားနေကျဆိုရင် ၂ ပတ် တစ်ခါ၊ တစ်လတစ်ခါပဲ သွားတော့တာမျိုးနဲ့ ဆင်ခြင်လို့ရပါတယ်။ အပျော်အပါးလုပ်လွန်းတာကို လျှော့ချလိုက်ရင် ပိုက်ဆံပိုစုဖြစ်မှာပါ။

Online Shopping တွေ ဝယ်ခြင်း

တကူးတကသွားရှာပြီး ဝယ်နေစရာတောင်မလိုပဲ Newsfeed လေးပွတ်လိုက်ရုံနဲ့ Online Shopping တွေက တန်းစီနေတာဆိုတော့ မြင်တိုင် လိုချင်နေမှာပါပဲ။ ဘာမှမစဉ်းစားပဲ လှတယ်ဆိုတိုင်း မှာလိုက်တာမျိုး၊ Sale ရှိတိုင်း မှာလိုက်တာမျိုး၊ Review တွေကောင်းတိုင်း ဝယ်ချလိုက်တာမျိုးတွေက သင့်ဝင်ငွေကို အရမ်းထိခိုက်ပါတယ်။ ဒါကြောင့် Online Shopping တွေဝယ်တာကိုလည်း ဆင်ခြင်ရပါမယ်။