ကိုယ့်ကိုအပြစ်မရှိပဲထားခဲ့တာမျိုး၊ သစ္စာဖောက်သွားတာမျိုးတွေကို ကြုံဖူးတဲ့သူတွေ ရှိမှာပါ။ ဒီလိုမျိုးတွေကြုံတွေ့ရရင် ခံပြင်းဒေါသထွက်ပြီး ဝမ်းနည်းကြမှာပါပဲ။ ဝမ်းနည်းလို့လည်းရပါတယ်။ ခံစားလို့လည်းရပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးတော့ ခံစားပြီး ဝမ်းနည်းမနေပါနဲ့။ မတန်ဘူးလို့တွေးပြီး ပြောင်းလဲလိုက်ပါ။ လက်စားချေချင်လို့၊ မကျေနပ်လို့ဆိုပြီးတော့လည်း နောက်တစ်ယောက်နဲ့ ထပ်တွဲပြတာ၊ ရွဲ့တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ကိုအပြစ်မရှိပဲထားခဲ့တဲ့သူကို လက်စားချေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတချို့ကို ပြောပြပေးလိုက်ပါတယ်။

အရင်ထက်ပိုလှအောင်နေပါ

အရင်ဆုံး ကိုယ့်ကိုယ်ကိုသာ အရင်ထက် ပိုပြီးလှလာအောင် နေပါ။ သူထားခဲ့လို့ ပူဆွေးဝမ်းနည်းပြီး မပြင်နိုင်မဆင်နိုင်ဖြစ်နေရင် နှစ်ခါရှုံးပါတယ်။ ဒါကြောင့် အရင်ထက် ပိုပိုပြီးလှလာအောင်သာ နေပြပါ။

အရင်ထက်ပိုတိုးတက်လာအောင်ကြိုးစားပါ

သူနဲ့တွဲတုန်းကနဲ့မတူတော့ပဲ အောင်မြင်လာအောင်၊ အရင်ထက် ပိုတိုးတက်လာအောင် ကြိုးစားပြပါ။ ဒါက ကိုယ့်အတွက်လည်း အကျိုးရှိစေသလို သူကိုလည်း တစ်ခါတည်း လက်စားချေပြီးသား ဖြစ်ပါတယ်။

သူမရှိလည်းအေးဆေးပဲဆိုတဲ့ပုံစံနဲ့နေပြပါ

သူထားသွားလို့ ဝမ်းနည်းနာကျင်နေရင်တောင် ထုတ်မပြပါနဲ့။ သူမရှိလည်း ကိုယ့်အတွက် ဘာမှမဖြစ်သွားဘူး၊ အေးဆေးပဲဆိုတဲ့ပုံစံမျိုးသာ နေပြပါ။ နေပြပါဆိုလို့ သူမြင်အောင်သိအောင် တကူးတကတွေ လိုက်လုပ်ပြနေစရာ မလိုပါဘူးနော်။ ကိုယ်ခံစားနေရရင် စိတ်ထဲမှာပဲထားပါ။ သူများတွေ လာပြောလည်း၊ လာမေးလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့သာ ပြန်တုန့်ပြန်ပါ။

အရင်ထက်ပိုပြီးပျော်ရွှင်တဲ့ပုံစံနဲ့နေပါ

သူထားခဲ့လို့ ဝမ်းနည်းပြီးခံစားနေရမယ့်အစား အရင်ထက်တောင် ပိုပြီးပျော်ရွှင်လာရတယ်။ စိတ်ချမ်းသာလာရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့နေပါ။ တကယ်လည်း ပျော်ရွှင်အောင်နေပါ။ အရမ်းချစ်ခဲ့တာဆိုရင်တော့ ဒီလိုနေဖို့က နည်းနည်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း ကြိုးစားပြီးနေကြည့်ပါ။ အချိန်ကကုစားသွားမှာပါ။

photo source: www.freepik.com