သွားခံတွင်းရနံ့ ဆိုးခြင်းဟာ လူ ၄ ယောက်မှာ ၁ ယောက်လောက်က ကြုံတွေ့ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ သွားနှင့် ခံတွင်းကို အနံ့မဆိုးဝါးအောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခံတွင်းကို ရနံ့သင်းပျံနေအောင် ဂရုစိုက်မှသာလျှင် လူအများကြား စကားပြောရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးနိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ ခံတွင်းရနံ့ သင်းပျံ့နေအောင် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းများဖြင့် ကုသနိုင်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းများကတော့ သင့်ရဲ့ ခံတွင်းရနံ့ကို သင်းပျံ့လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

မနက်စာ မစားဘဲ မနေပါနှင့်

လူတစ်ယောက်အတွက် မနက်စာဟာ အဓိကအရေးအကြီးဆုံးဖြစ်ပါတယ်။ မနက်စာမစားဘဲ နေခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ရေရှည်အတွက် မကောင်းပါဘူး။ ဒါ့အပြင် လေ့လာချက်တစ်ခုအရ မနက်စာ မစားတဲ့ ဆယ်ကျော်သက်တွေဟာ ခံတွင်းရနံ့ဆိုးများကို ခံစားရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် သင်တို့လည်း ခံတွင်းရနံ့ မနံချင်ဘူးဆိုရင်တော့ မနက်စာကို မမေ့မလျော့ စားသုံးရမှာပဲဖြစ်ပါတယ်။

မနက်စာ ရွေးချယ်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ဒိန်ချဥ်၊ နွားနို့၊ အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများ၊ သကြားဓာတ် နည်းသော အစားအစာများကို များများစားသုံးပေးရမှာ ဖြစ်ပါတယ်။

သွားတိုက်တံများကို ပုံမှန်လဲပေးရပါမယ်

သင့်ရဲ့သွားတိုက်တံအမွှေးများက ဖွာထွက်လာပါက အသစ်လဲဖို့ အချိန်တန်ပြီပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားတိုက်တံ တစ်ချောင်းကို သုံးလမှ လေးလကြာလျှင် တစ်ကြိမ် လဲပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွားတိုက်တံ ရွေးချယ်တဲ့အခါမှာလည်း အမွှေးနုသော သွားတိုက်တံများကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

အနံ့ပြင်းတဲ့ အစားအစာများ စားသုံးပြီးတဲ့နောက်မှာ ရေများများသောက်ပါ

ရနံ့ပြင်းတဲ့ အစားအစားများ – ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီ၊ တူနာငါး၊ စပ်သော အစားအစာများ စသည်တို့ စားသုံးပြီးတဲ့နောက်မှာ ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ထိုအစားအစာများ စားပြီးတဲ့နောက်မှာ သူ့ထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်တွေဟာ သွေးထဲကနေတဆင့် အဆုတ်ထဲသို့ ဝင်ရောက်သွားပြီး ထိုမှတဆင့် ခံတွင်းနံ့ နံလာတတ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ခံတွင်းရနံ့ မွှေးပျံ့ချင်တယ်ဆိုရင်တော့ မိမိစားသုံးတဲ့ အစားအစာများကိုလည်း သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။

အစားအစားပြီးတဲ့နောက်မှာ ပလုတ်ကျင်းဖို့ မမေ့ပါနှင့်

အစားစားပြီးနောက်မှာ သွားမှာ ကပ်ကျန်ခဲ့တဲ့ အစာအကြွင်းအကျန်တွေဟာ ဘတ်တီးရီးယားများ ပေါက်ပွားလာစေပြီး ထိုဘက်တီးရီးယားများကြောင့် ခံတွင်းရနံ့ နံစေပါတယ်။ ဒါ့ကြောင့် အစားအစားပြီးနောက်မှာ သွားပွတ်ကြိုးလေးဖြင့် အစာအကြွင်းအကျန်များကို ဖယ်ရှားနိုင်သလို ပလုတ်ကျင်းခြင်းအားဖြင့်လည်း ခံတွင်းရနံ့ဆိုးများကို ဖယ်ရှားနိုင်ပါတယ်။ သင့်အနေနဲ့ သွားတိုက်ချင်တယ်ဆိုရင်တော့ အစားစားပြီး မိနစ် ၃၀ ကြာမှ သွားတိုက်သင့်ပါတယ်။

Source: Brightside