မင်္ဂလာပါ ပျိုမေတို့ရေ။ ဘာစားစားဝိတ်မတက်တဲ့ သွယ်သွယ်လျလျ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ဖို့ဆိုတာ ပျိုမေအများစုရဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် ဒီလိုခန္ဓာကိုယ်သေးပြီး ပိန်ကပ်ကပ်ဖြစ်နေတာမျိုးထက် အချိုးအစားပြည့်ပြည့် ခန္ဓာကိုယ်မျိုး လိုချင်ကြတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်အလေးချိန် အရမ်းနည်းပြီး ပိန်လာတဲ့အခါ ကျန်းမာရေးပြဿနာတွေလည်းဝင်လာတတ်တာမို့ ပျိုမေတို့အနေနဲ့ အနေတော်ဝိတ်ကို ထိန်းထားနိုင်ရင်အကောင်းဆုံးပါပဲ။

ရှိရင်းစွဲထက် ဝိတ်တက်ချင်တဲ့သူတွေမှာ ဆေးတွေမှီဝဲပြီး ဝအောင်လုပ်တာထက် သဘာဝအတိုင်း ဝိတ်တက်လာအောင်ပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ ဒါတွေကိုသိဖို့ ဒီတစ်ခေါက်မှာ ဝိတ်တက်ချင်သူတွေအတွက် ကျန်းမာရေးနဲ့အညီ ထိထိရောက်ရောက် ဝိတ်တက်စေမယ့် နည်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ အစာခြေစနစ်ပုံမှန်လည်ပတ်စေဖို့ စိတ်ဖိစီးမှုနည်းအောင် နေပါ


ဘယ်လောက်စားစား ခန္ဓာကိုယ်ကြီးထွားမှုကောင်းပြီး အာဟာရဖြစ်ဖို့ အစာခြေစနစ် ဟန်ချက်ညီညီ လည်ပတ်မှုရှိရပါတယ်။ ဒါမှ ကျန်းကျန်းမာမာနဲ့ ဝိတ်တက်လာမှာပါ။ စိတ်ဖိစီးမှုများတာက အစားစားချင်စိတ်လျော့ပြီး အစာခြေစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတာကြောင့် ဝိတ်တက်ချင်သူတွေအနေနဲ့ စိတ်ဖိစီးမှုမများအောင် ဂရုစိုက်ပေးရပါမယ်။

၂။ ကျန်းမာရေးနဲ့ညီတဲ့ အစားသောက်တွေဖြစ်ဖို့လိုပါတယ်


ဝိတ်တက်ဖို့အတွက် ပုံမှန်ထက် ကယ်လိုရီများများ တိုးစားပေးဖို့လိုသလို ရေရှည်အတွက် ကျန်းမာရေးနဲ့လည်းညီပြီး အာဟာရဖြစ်စေမယ့် အစားအစာတွေဖြစ်ဖို့လည်း အရေးကြီးပါတယ်။ သရေစာအနေနဲ့ အသင့်စားတွေထက် အစေ့အဆံတွေစားပေးသင့်ပြီး ပရိုတင်းဓာတ်များတဲ့ ပဲအမျိုးမျိုး၊ အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေကို ပိုစားပေးသင့်ပါတယ်။

၃။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ


အဆီတွေထွက်ပြီး ဝိတ်တက်လာတာထက် သူနေရာနဲ့သူ ကျစ်ကျစ်လျစ်လျစ်နဲ့ ခန္ဓာကိုယ်ပြည့်လာစေဖို့ လေ့ကျင့်ခန်းအချို့ကိုလည်း မဖြစ်မနေလုပ်ပေးဖို့လိုပါတယ်။ ကြွက်သားကျစ်လျစ်သန်မာစေမယ့် အလေးမ လေ့ကျင့်ခန်းလေးတွေပြုလုပ်ကြည့်ပါ။ ယောဂ၊ လမ်းလျှောက်ခြင်းနဲ့ ဖြေးဖြေးချင်းပြေးတာမျိုးတွေလည်း ပေါ့ပေါ့ပါးပါးပြုလုပ်ပေးနိုင်ပါတယ်။

၄။ အိပ်ချိန်မှန်ဖို့လည်း အရေးကြီးပါတယ်


ဝိတ်တက်ချင်သူတစ်ယောက်အနေနဲ့ အိပ်ချိန်အရမ်းများဖို့လည်းမလိုသလို အရမ်းနည်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ညပိုင်းတွေမှာ ပုံမှန် ၅နာရီမှ ၆နာရီကြား အိပ်ချိန်ရှိသင့်ပြီး ရံဖန်ရံခါ နေ့လည်ပိုင်း ထပ်အိပ်ပေးတာကလည်း သင့်ကို ဝိတ်တက်လာဖို့ ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar