ဝိတ်ချရတာက အချိန်ပေးပြီး ဂရုတစိုက်လုပ်ပေးရမယ့် အရာဖြစ်ပါတယ်။ တစ်ခါတလေ ဝိတ်ချဖို့ ကြိုးစားနေပေမယ့် ဘာမှ ထူးမလာတာက တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သင်က ဝိတ်ချဖို့ အချိန်သိပ်မပေးနိုင်ဘူး..စိတ်မရှည်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေအတိုင်း စမ်းလုပ်ကြည့်ပါနော်။

၁။ မနက်နိုးတဲ့အချိန် ကော်ဖီ/ လက်ဖက်ရည်မသောက်ပါနဲ့


မနက်နိုးနိုးချင်း သကြားတွေပါဝင်နေတဲ့ ကော်ဖီ/ လက်ဖက်ရည်သောက်ခြင်းက ဝိတ်ကျဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ မနက်နိုးနိုးချင်း စားသင့်တဲ့အရာကတော့ သကြားပါဝင်မှုနည်းတဲ့ သစ်သီးတွေပါ။ သစ်သီးတွေက သင့်ကို တစ်နေ့တာလုံး လန်းဆန်းစေပါတယ်။

၂။ ပုံမှန်စားချိန်တွေအတိုင်း စားပါ


ဝိတ်ကျချင်တယ်ဆိုပြီး စားနေကျအချိန်တွေကို ကျော်ပစ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ခဏတဖြုတ် ဝိတ်ကျတာမြန်ပေမယ့် ဝိတ်ပြန်တက်တဲ့အချိန်လည်း နှစ်ဆပိုမြန်ပါလိမ့်မယ်။ ဒါကြောင့်ဖြစ်နိုင်ရင် နှစ်နာရီခြားတစ်ခါ နည်းနည်းစီ စားပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်တာက သင့်ကို အမြဲဗိုက်ပြည့်စေမယ့်အပြင် အစာအိမ်ကို သိပ်မပင်ပန်းစေတော့ပါဘူး။

၃။ စားတဲ့ပမာဏ


တစ်ခါတလေ သင်က ကိုယ်စားနေတဲ့ပမာဏကို ခေါင်းထဲမထည့်မိဖြစ်တတ်ပါတယ်။ ဗိုက်ဆာနေလည်း စားတာပဲ။ ဗိုက်မဆာလည်း စားတာပဲ။ ကိုယ့်ကိုကိုယ် စားနေမှန်းမသိအောင်ကို ပါးစပ်နဲ့ အစားမပြတ်ဖြစ်တတ်ပါတယ်။ အမှန်တကယ်တော့ စားတယ်ဆိုတာက ကိုယ့်ကို ပျော်အောင် ဖျော်ဖြေတဲ့သဘောမျိုးမဖြစ်သင့်ပါဘူး။ လှုပ်လှုပ်ရှားရှားနေပြီးနောက် ဒါမှမဟုတ် ဗိုက်ဆာတဲ့အချိန်မှ စားရမှာပါ။ စားတာများလွန်းတာက သင့်အစာအိမ်ကို ဒုက္ခပေးသလို စားတာနညး်တာကလည်း သင့်အစာအိမ်အတွက် မကောင်းပါဘူး။ မျှမျှတတစားပေးပါ။

၄။ မအိပ်ခင် နှစ်နာရီအလိုလောက်မှာ နောက်ဆုံးစားတာဖြစ်ပါစေ


မအိပ်ခင် နှစ်နာရီအလိုတည်းက နောက်ဆုံးအစားအစာကို ပြီးစီးပေးပါ။ဒီလိုလုပ်ပေးတာက အစာအိမ်အတွက် အစာချေဖျတ်ဖို့ အချိန်ပေးရာ ရောက်ပါတယ်။ အဆီလောင်ကျွမ်းဖို့ ပိုမြန်စေသလို ကောင်းကောင်းအိပ်ပျော်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar