ကွန်ပြူတာသမားတွေ၊ ဖုန်းသုံးတာများတဲ့သူတွေ၊ တီဗီကြည့်တာ များတဲ့သူတွေက အထူးသဖြင့် ပိုပြီးတော့ အာရုံကြော အားနည်းတာ၊ မျက်စိညောင်းကိုက်တာ၊ အမြင်ဝေဝါးတာတွေ ဖြစ်တတ်ပါတယ်။ မျက်စိလေ့ကျင့်ခန်း လုပ်ပေးရင်တော့ သက်သာစေတယ်၊ အမြင်အာရုံ ပိုကောင်းစေပါတယ်။ ဒါပေမယ့်လည်း တချို့ကျ လေ့ကျင့်ခန်းတွေ လုပ်ရမှာကို ပျင်းကြပါတယ်။ ဒါကြောင့် ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေအောင် အမြင်အာရုံပိုကောင်းလာစေဖို့အတွက် အလွယ်ကူဆုံး မျက်စိလေ့ကျင့်ခန်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
Basic eye roll
Basic eye roll လေ့ကျင့်ခန်းကိုတော့ လူတိုင်းသိမှာပါ။ ပုံမှာပြထားသလို ဘယ်ကြည့်၊ ညာကြည့် ၁၀ ကြိမ်၊ အပေါ်ကြည့်၊ အောက်ကြည့် ၁၀ ကြိမ်၊ ဘယ်ထောင့်ကြည့်၊ ညာထောင့်ကြည့် ၁၀ ကြိမ်၊ မျက်လုံးလှည့်တာ ၁၀ ကြိမ် လုပ်ပေးရပါမယ်။ မျက်စိကိုက်တာ၊ မျက်ရိုးကိုက်တာတွေ သက်သာစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။
Eye press
Eye press လေ့ကျင့်ခန်းကလည်း အရမ်းလွယ်ပါတယ်။ လက်ဖဝါးနှစ်ဖက်ကို ပူအောင်လို့ အရက်ပွတ်ပါ။ ပွတ်ပြီးတာနဲ့ မျက်လုံးပိတ်ပြီး မျက်ခွံပေါ်ကို ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့် ဖိထားလိုက်ပါ။ ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၃ စက္ကန့်နေ၊ ပြီးရင် လက်ဖဝါးနှစ်ဖက်ကို ပူအောင်ပွတ်ပြီး အဲ့အတိုင်း ပြန်လုပ်ပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးရပါမယ်။
Slow blinking
Slow blinking လေ့ကျင့်ခန်းကတော့ ဖြေးဖြေးချင်းစီ မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ မျက်လုံးပိတ်ပြီးရင် ချက်ချင်းပြန်မဖွင့်ပဲ ၂ စက္ကန့်ပိတ်ထားပြီးမှ ပြန်ဖွင့်ပါ။ ၂ စက္ကန့် ဖွင့်ပြီးရင် ပြန်ပိတ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ် အနည်းဆုံး လုပ်ပေးရပါမယ်။
Pencil Push-ups
ခဲတံတစ်ချောင်းကိုယူပြီး မျက်လုံးနှစ်ဖက် အလယ် နှာခေါင်းတည့်တည့်နဲ့ တန်းနေအောင်ထားပါ။ အဲ့အတိုင်း ပုံမှာပြထားသလို ခဲတံကို မျက်လုံးနဲ့နီးရာကနေ တစ်ဖြေးဖြေးဝေးသွားလိုက်ပါ။ မျက်လုံးအကြည့်က ခဲတံဆီမှာပဲ ရှိနေရပါမယ်။ အဲ့အတိုင်း နီးလာလိုက်၊ ဝေးသွားလိုက် လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။