တစ်ချို့တွေက ဘယ်လောက်ပဲကောင်းတဲ့အရာတွေ ဖြစ်လာပါစေ ကိုယ့်ဘဝကို ဘယ်သောအခါမှ စိတ်ကျေနပ်မှုမရှိဖြစ်နေတာ၊ အလိုမကျဖြစ်နေတာတွေ ရှိပါတယ်။ ဒီလိုတွေဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ ဒီအရာ ၄ ခုကြောင့် ဖြစ်လာတာများပါတယ်။

သူများကိုပဲအားကျနေခြင်း

တစ်ချိန်လုံး သူများကိုပဲအားကျနေရင်တော့ ကိုယ်ဘယ်လောက်ပဲကြိုးစားပြီး ကောင်းအောင်လုပ်နေပါစေ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရရှိမှာ မဟုတ်ပါဘူး။ ကိုယ့်ထက်သာနေတဲ့သူတွေကိုပဲ အမြဲအားကျနေတဲ့အတွက် ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေ၊ အလိုမကျတာတွေ များလာပြီး စိတ်ပျက်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုချီးကျူးမှုမရှိခြင်း

ကိုယ်လုပ်တာအောင်မြင်လည်း၊ ဒီထက်ပိုတိုးတက်လာလည်း ဘယ်တော့မှ ကိုယ့်ကိုယ်ကိုချီးကျုးတာမျိုး မရှိတဲ့သူတွေက ကိုယ့်ဘဝကို စိတ်ကျေနပ်မှုမရှိကြပါဘူး။ ကိုယ့်ကိုယ်ကို အသိအမှတ်မပြုရင် ဆက်ပြီးကြိုးစားဖို့ အားယုတ်ပါတယ်။

ဖြစ်ချင်ပေမယ့်လုပ်ချင်စိတ်မရှိခြင်း

တချို့ကျတော့လည်း ကိုယ်ရထားတဲ့ဘဝကို မကျေနပ်ဘူး၊ မလိုချင်ဘူး၊ ကိုယ့်ကိုယ်ကိုလက်မခံနိုင်ဘူး၊ စိတ်ကျေနပ်မှုဘယ်တော့မှမရှိဘူး၊ ကိုယ်ဖြစ်တာ၊ လုပ်ချင်တာတွေ အများကြီးရှိတယ်၊ ရည်မှန်းချက်လည်းကြီးမားတယ်၊ ဒါပေမယ့် ဖြစ်ချင်စိတ်ပဲရှိပြီး လုပ်ချင်စိတ်တော့ မရှိကြပါဘူး။ ပျင်းနေကြပါတယ်။

ရည်မှန်းချက်မရှိခြင်း

ရည်မှန်းချက်မရှိတဲ့သူက ကိုယ်ဘာဖြစ်ချင်မှန်းလည်းမသိ၊ ဘာလုပ်ချင်မှန်းလည်းမသိတော့ လမ်းပျောက်နေတတ်ပါတယ်။ ရည်မှန်းချက်မထားတဲ့အတွက် ထစ်ခနဲရှိ ကိုယ့်ဘဝကိုပဲ စိတ်ကျေနပ်မှုမရှိတာမျိုးတွေ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာမျိုးတွေ ဖြစ်လာပါတယ်။
တကယ်တော့ ကိုယ့်ဘဝကိုစိတ်ကျေနပ်မှုရှိဖို့၊ အရှိအတိုင်းလက်ခံနိုင်ပြီး စိတ်ချမ်းသာအောင်နေဖို့က ကိုယ့်စိတ်နဲ့ပဲ သက်ဆိုင်ပါတယ်။