စာလုပ်တဲ့အချိန်မှာ စာထဲစိတ်မပါပဲ အာရုံတွေများနေရင် ဘယ်လောက်ပဲ အချိန်ကြာကြာလုပ်လုပ် ခေါင်းထဲစာရောက်မှာမဟုတ်သလို၊ အချိန်ကုန်ပြီး စာမရတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် စာလုပ်နေတဲ့အချိန်မှာ စိတ်ပါပြီး စာလည်းသေချာရအောင် လိုက်နာဖို့လိုတဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

တိတ်ဆိတ်တဲ့နေရာမှာ စာလုပ်ပါ

တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးဆေးဖြစ်မယ့်နေရာမှာ ကိုယ်တစ်ယောက်ထဲ စာလုပ်ပါ။ အိမ်မှာဆိုလည်း အိမ်ကလူတွေ စကားပြောနေတဲ့အနားမှာ စာထိုင်မလုပ်ပါနဲ့။ စာထဲစိတ်မရောက်ပါဘူး။ တိတ်ဆိတ်ပြီး အေးအေးချမ်းချမ်းဖြစ်မယ့်နေရာ၊ ဆူညံ့သံတွေမရှိတဲ့နေရာမှာပဲ စာလုပ်ပါ။

ဖုန်းကိုအဝေးမှာထားပါ

ဖုန်းဘေးချပြီး စာလုပ်နေရင်တော့ စာတစ်လုံးကျက်လိုက်၊ ဖုန်းကောက်ကြည့်လိုက်နဲ့ စာသေချာလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စာလုပ်ပြီဆိုရင် ဖုန်းကို အဝေးမှာထားပါ။ တီဗီနဲ့ ဝေးတဲ့နေရာမှာပဲ စာလုပ်ပါ။

ကိုယ်လုပ်မယ့်စာကို သေချာစီစဉ်ထားပါ

ကိုယ်အခု ဘာစာလုပ်မှာလဲ၊ ဘာစာကျက်မှာလဲ၊ ဘာပြီးရင် ဘာကျက်မှာလဲဆိုတာကို သေချာစီစဉ်ထားပါ။ အခုတွက်စာတွက်ပြီး မရတော့လို့၊ စိတ်မပါတော့ဘူးဆိုပြီး ကျက်စာပြောင်းကျက်လိုက်၊ မရလို့ တခြားစာပြောင်းလုပ်လိုက်နဲ့ဆိုရင် အချိန်သာကုန်သွားတယ်၊ စာသေသေချာချာရသွားတာမျိုး ရှိမှာမဟုတ်ပါဘူး။

အာရုံသေချာစုစည်းထားပါ

စာလုပ်ဖို့ စိတ်မပါရင် မလုပ်ပဲ ခဏနားနေလိုက်ပါ။ တကယ်စာလုပ်ပြီဆိုရင်လည်း အာရုံသေချာစုစည်းထားပြီး စာထဲပဲ စိတ်နှစ်ပြီးလုပ်ပါ။ ဟိုတွေးဒီတွေး လျှောက်တွေးတာမျိုး မလုပ်ပါနဲ့။