ဝက်ခြံထွက်ပြီးရင် အမဲစက်နဲ့ အမာရွတ်တွေက ကျန်ခဲ့တာပါပဲ။ နည်းရင်တော့ ဒီတိုင်း Skincare တွေလိမ်းရင်းနဲ့ ဖြေးဖြေးချင်းစီ ပါးသွားပေမယ့် များရင်ကျတော့ ပျောက်ဖို့ အချိန်ကြာပါတယ်။ ဒါကြောင့် ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းကောင်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်ရုံပဲဆိုတော့ အဆင်ပြေမှာပါ။

သံပယိုရည်

လုပ်ရမယ့်နည်းလမ်းကတော့ အရမ်းလွယ်ကူပါတယ်။ သံပယိုသီးကို အရည်ညှစ်ပြီးတော့ ဂွမ်းနဲ့ယူကာ အမာရွတ်ပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ၅ မိနစ်၊ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်ပေးပါ။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အမာရွတ်တွေက ပါးပြီး ပျောက်သွားမှာပါ။

သခွားသီး

သခွားသီးကို အခွံခွာပြီး ကြိတ်ချေပေးပါ။ ပြီးရင်တော့ အမာရွတ်ပေါ်ကို အုံထားပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်နေ့ ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန် နေ့တိုင်းလုပ်ပေးရပါမယ်။

Tea Tree Oil

Tea Tree Oil ကို သံလွင်ဆီ (သို့) အုန်းဆီနဲ့ ဆတူရောပြီးတော့ အမာရွတ်ကို ပွတ်လိမ်းပေးပါ။ ကြာကြာလေးထားပြီးမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

Apple Cider Vinegar

Apple Cider Vinegar ကို ရေနည်းနည်းနဲ့ ရောပြီးတော့ အမာရွတ်ကို ပွတ်လိမ်းထားပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လို့ရပါပြီ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း နေ့တိုင်း တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။