မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာတော့ အသက်အရွယ်ရလာတဲ့ပျိုမေတွေမှာအဖြစ်များတဲ့ အသားအရေတင်းရင်းမှုမရှိတာ လျော့ရွဲရွဲဖြစ်တာတွေကိုသက်သာစေဖို့ အသုံးပြုသင့်တဲ့ အိမ်တွင်းသဘာဝပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ များသောအားဖြင့် အသက် ၃၀ နားရောက်လာတဲ့အခါ အရေပြားအတွင်း Collagen လျော့နည်းပြီး အသားအရေတွဲကျတာ၊ အသားအရောင်မွဲလာတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ၂၀ ကျော်အရွယ်လောက်ကတည်းက အသားအရေကိုပုံမှန်ဂရုစိုက်ပေးဖို့လိုပါတယ်နော်။

အခုဖော်ပြပေးမယ့် နည်းလမ်းတွေက သဘာဝပစ္စည်းတွေနဲ့သာပြုလုပ်နိုင်တာမို့ အကုန်အကျမများဘဲ လုပ်ရလွယ်တဲ့အပြင် သင့်အသားအရေတင်းရင်းစိုပြေနေစေဖို့ကူညီပေးနိုင်မှာပါ။

၁။ ဌက်ပျောသီးနဲ့ နို့ခရင်မ်


ဌက်ပျောသီးတစ်လုံးကိုကြိတ်ထားပြီးနောက် ခရင်မ်ဖြစ်အောင် ခလောက်ထားတဲ့ နို့ခရင်မ် ခွက်လေးပုံတစ်ပုံခန့်နဲ့ ရောမွှေပေးပါ။ မျက်နှာနဲ့လည်ပင်းအထိလိမ်းကာ ပေါင်းတင်ပေးနိုင်ပြီး ၁၅ မိနစ်ကနေ မိနစ်၂၀အထိ လိမ်းထားနိုင်ပါတယ်။ ပြီးနောက် ရေအေးအေးနဲ့ပြန်လည်ဆေးချပေးပါ။ ဌက်ပျောသီးရဲ့ Antioxidant ဓာတ်က အစိုဓာတ်ပေးပြီး အရေပြားကျုံ့ဆန့်ခြင်းကိုအားဖြည့်ပေးနိုင်တာကြောင့် အသားအရေကို တင်းရင်းပြီး အိအိလေးဖြစ်နေစေမှာပါ။ ဒီ Mask ကိုတစ်ပတ်တစ်ခါပုံမှန်သုံးနိုင်ပါတယ်။

၂။ ကြက်ဥအကာနဲ့ သကြား


ကြက်ဥက အသားအရေနီမြန်းခြင်းကိုသက်သာစေသလို ချွေးပေါက်ကျဉ်းပြီး အသားအရေတင်းရင်းလာဖို့ အတွက်ပါကူညီပေးနိုင်ပါတယ်။ ကြက်ဥအကာတစ်လုံးကိုရွေးယူပြီး သကြားဇွန်းတစ်ဝက်ခန့်နဲ့ရောကာ အရည်ကျဲပြီး အမြုပ်ထတဲ့အထိသမအောင်မွှေပေးပါ။ ရလာတဲ့အရည်ကို မျက်နှာနဲ့လည်ပင်းတွေမှာလိမ်းပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ Mask ခြောက်ပြီးကပ်သွားတဲ့အထိထားနိုင်ပြီး ပြန်ခွာပြီးနောက် ရေအေးနဲ့ဆေးပေးပါ။ ဒါကိုလည်း တစ်ပတ်တစ်ခါသုံးနိုင်ပါတယ်။

၃။ Oat ဂျုံ၊ ပျားရည်နဲ့ ကုလားပဲအမှုန့်


Oat ဂျုံက ချွေးပေါက်ထဲကမလိုအပ်တဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်မျိုးဖြစ်တဲ့ ကုလားပဲအမှုန့်ကလည်း အမဲစက်တွေဖယ်ရှားပြီး အသားအရောင်ဝင်းစေတာကြောင့် ကုလားပဲအမှုန့်တစ်ဇွန်း၊ ကြိတ်ထားတဲ့ Oat ဂျုံတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ နှင်းဆီရည် Rose Water အစက်အနည်းငယ်တို့ကို ရောပေးပြီး ၁၀ မိနစ်ခန့် မျက်နှာမှာလိမ်းကာ ပေါင်းတင်ထားနိုင်ပါတယ်။ ပြီးရင်တော့ အနည်းငယ်နွေးတဲ့ရေနဲ့ပြန်လည်ဆေးကြောပေးလိုက်ပါ။

၄။ ပန်းသီးရှာလကာရည်


Sensitive Skin အမျိုးအစားမရှိသူတွေအသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ရေတစ်ခွက်အပြည့်ထဲကို ပန်းသီးရှာလကာရည် ခွက်လေးပုံတစ်ပုံရောကာ ထည့်ပေးပါ။ အရည်ကို Brush တစ်ခုနဲ့ယူပြီး မျက်လုံးကိုမထိစေဘဲ မျက်နှာနဲ့လည်ပင်းတွေမှာ အနည်းငယ်လိမ်းပေးနိုင်ပါတယ်။ အရည်ခြောက်သွားတဲ့အခါ ပြန်လည်ဆေးချပေးလိုက်ပါ။ ရေချိုးပြီးချိန်တွေမှာ အဓိကအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar