တစ်နေ့တာ ရုန်းကန်လှုပ်ရှားရတာကြောင့် လူတိုင်းနီးပါး ညဘက်ပင်ပန်းနေကြပါတယ်။ ရုံးအလုပ်လုပ်တဲ့လူဖြစ်ဖြစ် အိမ်မှုကိစ္စလုပ်နေရတဲ့လူဖြစ်ဖြစ် အလုပ်ဖိအားတွေကြောင့် အားအင်တွေကုန်ခမ်းသလို ခံစားရတက်ပါတယ်။ ခြေအစခေါင်းအဆုံး ဦးနှောက် အရိုးတွေကအစ ပင်ပန်းမှုဒဏ်ကို ခံစားရလေ့ရှိပါတယ်။ ဒီလိုပင်ပန်းမှုတွေကို ပြေပျောက်စေဖို့အတွက် ညဘက်ကောင်းမွန်စွာအိပ်စက်အနားယူဖို့ အလွန်အရေးကြီးပါတယ်။

ညဘက်ကောင်းမွန်စွာအိပ်စက်အနားယူဖို့အတွက် အလင်းရောင်၊ သက်သောင့်သက်သာဖြစ်စေတဲ့ အိပ်ရာခင်း၊ သန့်ရှင်းသပ်ရပ်မှုနဲ့ တခြားအပူချိန် စသဖြင့်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ညအိပ်ရာမဝင်ခင် ခြေထောက်ဆေးကြောပေးခြင်းရဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။

အရိုးအဆစ် နာကျင်မှုကို သက်သာစေတယ်

ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာပါ။ တစ်နေ့တာကုန်ဆုံးသွားတဲ့အချိန်မှာ ခြေထောက်တောင့်တင်းနေသလို ခံစားဖူးကြမယ်ထင်ပါတယ်။ ဒါဟာ ကိုယ်နဲ့မတော်တဲ့ ဖိနပ်စီးမိတာ (သို့) တခြားကိုယ်လက်လှုပ်ရှားမှုကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ဆံပင်ကိုဂရုစိုက်သလိုပဲ ခြေထောက်ကိုလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ညဘက်အိပ်ရာမဝင်ခင် ခြေထောက်ဆေးကြောတဲ့အကျင့်လေးလုပ်ထားပေးပါ။ အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်မှုကို သက်သာစေပြီး ညဘက်သက်တောင့်သက်သာ အိပ်ပျော်စေမှာပါ။

အိပ်နေချိန် ဟောက်ခြင်းဝေဒနာကို သက်သာစေမယ်

ညအိပ်ပျော်နေချိန်မှာ ဟောက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို လေဝင်နိုင်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့နေလို့ ဖြစ်ရတာပါ။ ကိုယ်တွင်းမှာ အပူတွေများနေရင်လည်း ဒီပြဿနာဖြစ်နိုင်ပါတယ်။ ညမအိပ်ခင် ခြေအေးပြီးမှ အိပ်မယ်ဆိုရင်တော့ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးမိခြင်း၊ သားရည်ကျခြင်း အစရှိတဲ့ အိပ်ပျော်နေချိန်ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

ကြွက်တက်ခြင်းဝေဒနာကို သက်သာစေတယ်

ခြေထောက်ကြွက်တက်တယ်ဆိုတာလည်း အပူကြောင့်ဖြစ်တဲ့ ကြွက်သားတွေ မတည်ငြိမ်ခြင်းဝေဒနာတစ်မျိုးပါပဲ။ တစ်ခါတလေမှာ အိပ်ပျော်နေရင်း ကြွက်တက်လာလို့ လန့်နိုးရတာမျိုးကိုလည်း ကြုံဖူးကြမှာပေါ့။ အလွန်ခံရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ ခြေဆေးပေးခြင်းက ဒီလိုဖြစ်ရပ်တွေကို ကင်းဝေးစေမှာပါ။

ခန္ဓာကိုယ်တွင်းအပူအအေး မျှတစေတယ်

ဒီအချက်ကတော့ ရှင်းနေတဲ့အချက်ပါ။ ခန္ဓာကိုယ်အောက်ပိုင်းကို ရေအေးအေးလေးနဲ့ လောင်းပေးခြင်းဖြင့် အပေါ်နဲ့အောက် အပူ၊ အအေးမျှတစေနိုင်သလို အောက်ကနေ အပူခိုးတွေ ပြန်ရိုက်ပြီး ဦးခေါင်းကို အပူတက်ခြင်းဝေဒနာကိုလည်း သက်သာစေမှာပါ။ အဲဒီကမှတဆင့် အပူကြောင့်ဖြစ်တဲ့ သွားဖုံးယောင်ခြင်း၊ သွားနာ၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။