တော်တော်များများက ညဘက်တွေဆို နောက်ကျမှာ အိပ်တတ်ကြပါတယ်။ ၁၀ နာရီအိပ်တဲ့သူတောင် တော်တော်နည်းပါတယ်။ ဒီလိုညဘက်တွေ နောက်ကျမှအိပ်တော့ အိပ်ရေးမဝတာ၊ အတွေးလွန်တာစတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေ ဖြစ်လာပြီး ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ စောစောအိပ်ပေးသင့်ပါတယ်။ ညဘက်စောစောအိပ်ပေးတဲ့အခါမှာ ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

ကိုယ်ခံအားကောင်းလာခြင်း

စောစောအိပ်တော့ အိပ်ရေးဝပြီး မနက်ဆိုလည်း စောစောနိုးနေမယ်၊ အိပ်ရေးဝပြီး အားရှိနေတော့ ကိုယ်ခံအားလည်း ပိုကောင်းလာပါမယ်။ အိပ်ရေးမဝရင် အားနည်းပြီး ခေါင်းမူးတာ၊ ကိုယ်ခံအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

Stress တွေလျော့နည်းလာခြင်း

Stress ရှိတဲ့သူက အိပ်ရေးမဝရင် ပိုဆိုးပါတယ်။ အိပ်ရေးကပျက်၊ စိတ်ကရှုပ်နဲ့ ပိုပြီး စိတ်ဖိစီးလာပါလိမ့်မယ်။ စောစောမအိပ်တော့ ညဘက်တွေလည်း အတွေးတွေများနေတတ်ပါတယ်။ နောက်ကျမှအမြဲအိပ်တာ အကျင့်ဖြစ်လာရင် တစ်ခုခုဆို တော်ရုံနဲ့အိပ်မပျော်တော့ပဲ ဟိုတွေးဒီတွေးနဲ့ အိပ်မပျော်တာက ပိုဆိုးလာမှာပါ။ ဒါကြောင့် Stress တွေလည်း လျော့နည်းသွားအောင် စောစောအိပ်ပါ။

စိတ်ကြည်လင်စေခြင်း

စောစောအိပ်တဲ့အတွက် အိပ်ရေးဝပြီး စိတ်ကြည်လင်နေမှာပါ။ စိတ်ကြည်နေရင် ဘာလုပ်လုပ် အဆင်ပြေပါတယ်။ အိုင်ဒီယာအသစ်တွေလည်း ပိုထွက်ပါတယ်။ အိပ်ရေးမဝရင်တော့ အလိုလိုနေရင်းကို ဒေါသထွက်နေမှာပါ။

အသားအရေနဲ့ရုပ်ပိုင်းဆိုင်ရာပိုလှလာခြင်း

စောစောအိပ်ရင် မျက်ကွင်းလည်းမညိုသလို အရေးအကြောင်းတွေလည်း မြန်မြန်မဖြစ်စေပါဘူး။ အသားအရေလည်း ပိုကောင်းစေပါတယ်။ ဒါကြောင့် စောစောအိပ်ပါ။ နောက်ကျမှအိပ်မယ်၊ အိပ်ရေးပျက်မယ်ဆိုရင်တော့ ဝက်ခြံထွက်လွယ်လာမယ်၊ မျက်ကွင်းညိုပြီး အရေးအကြောင်းတွေ ဖြစ်လွယ်ပါမယ်။