စတွဲတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ခဲ့ကြတာပဲ။ အချိန်အကြာကြီး လက်တွဲသွားဖို့လည်း စိတ်ကူးထားကြတာပဲ၊ ဒါပေမယ့် နောက်ပိုင်း တစ်ဖြေးဖြေးနဲ့ ပျော်စရာမကောင်းတော့တာမျိုး၊ ပျော်စရာကောင်းတဲ့အချိန်တွေပျောက်ဆုံးပြီး စိတ်ပျက်စရာ၊ ငြီးငွေ့စရာကောင်းလာပြီး တစ်ယောက်နဲ့တစ်ယောက် စိမ်းကားသွားတာမျိုးကို ကြုံဖူးတဲ့သူတွေလည်း ရှိမှာပါ။ ဒီလို အချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်စရာ၊ ငြီးငွေ့စရာကောင်းလာတဲ့ Relationship ဆိုတာ ဘယ်လိုအရာတွေကြောင့် ဖြစ်သွားတာလဲ…?

အတ္တကြီးကြတာ

အတ္တကြီးပြီး တစ်ဖက်သားကို မတွေးပေးပဲ ကိုယ်ဖြစ်ချင်တာပဲကိုယ်သိတာမျိုး၊ ကိုယ်လုပ်ချင်တာပဲ သိတာမျိုးတွေက စစချင်းမှာတော့ ချစ်တဲ့စိတ်နဲ့ တစ်ဖက်လူက သည်းခံနိုင်ပေမယ့် ကြာလာတဲ့အခါမှာတော့ တစ်ဖက်လူက စိတ်ကုန်လာတာမျိုး၊ ကိုယ့်ဆီကနေ ရုန်းထွက်ချင်တာမျိုးတွေ ဖြစ်လာပြီး တစ်ဖြေးဖြေးနဲ့ ဒီ Relationship ကြီးက ပျော်စရာကောင်းတော့ပဲ စိတ်ပျက်စရာကောင်းလာပါလိမ့်မယ်။

ဘာမဟုတ်တာလေးကအစ စကားများရန်ဖြစ်ကြတာ

ဘာမှမဟုတ်တဲ့ကိစ္စလေးတွေ၊ အသေးအမွှားလေးတွေကအစ တစ်ယောက်နဲ့တစ်ယောက် အပြိုင်ပြောပြီး ရစ်ကြတာ၊ စကားများရန်ဖြစ်ကြတာတွေက ကြာလာလည်း ဒီကိစ္စတွေ၊ ဒါတွေနဲ့ပဲ ဖြစ်နေကြမယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ ပျော်ရတာကနည်းနည်း ပြဿနာတွေပဲ ဖြေရှင်းနေရတာကများများဖြစ်လာပြီး စိတ်ပျက်စရာ၊ ငြီးငွေ့စရာကောင်းတဲ့ Relationship ဖြစ်လာပါလိမ့်မယ်။

နားလည်မှုမရှိကြတာ

Relationship တစ်ခုမှာ ရေရှည်တည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ နားလည်မှုမရှိကြရင် ခဏခဏစကားများ ရန်ဖြစ်ကြမယ်။ ခဏခဏဖြစ်လာရင် စိတ်ပျက်စရာကောင်းလာမယ်။ ဒီ Relationship ကြီးကို စိတ်ကုန်လာမယ်၊ ငြီးငွေ့လာပါလိမ့်မယ်။

ယုံကြည်မှုမထားကြတာ

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင်လည်း အဆင်မပြေပါဘူး။ ယုံကြည်မှုမရှိလို့ ပြောတာ၊ စွပ်စွဲတာတွေက စစချင်းမှာတော့ သဝန်တိုတာပဲ သူငါ့ကိုချစ်လို့ဖြစ်တာပဲလို့တွေးပြီး နားလည်ပေးကြပေမယ့် ကြာလာရင်တော့ စိတ်ပျက်စရာဖြစ်လာမယ်၊ ငြီးငွေ့စရာဖြစ်လာပါလိမ့်မယ်။

photo source: www.freepik.com