ဆံကေသာအလှဟာ ကျွန်မတို့ မိန်းမသားတွေအတွက်တော့အရေးပါတဲ့ အလှတရားတစ်ခုပါပဲ။ ဒါ့ကြောင့်လည်းဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

 

ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာမျိုးမဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ခေါင်းလျှော်တိုင်း ပေါင်းဆေးသုံးပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း ဆံပင်အဖျားလေးတွေကို ပေါင်းဆေးထည့်ပေးပါ။ အဲဒီလို ပေါင်းဆေး (သို့) ပျော့ဆေးသုံးပေးတာဟာ သင့်ဆံကေသာကို ပိုပြီးစိုပြေတောက်ပြောင်လာစေမှာဖြစ်ပါတယ်။

သံလွင်ဆီသုံးပါ

သံလွင်ဆီနဲ့ ဆံပင်ကို ပေါင်းတင်ပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်ဥ (၁) လုံးရောပေးလိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးထားပါ။ မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ခေါင်းလျှော်ချလိုက်ပါ။

သံလွင်ဆီနဲ့ သံပုယိုသီး

တချို့က ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထတတ်ကြသလို၊ ဆံကေသာလည်း ခြောက်တတ်ကြပါတယ်။ တချို့ကလည်း ဦးရေပြား အဆီပြန်ပြီး ဗောက်သေးသေးလေးတွေ ထတတ်ပါတယ်။

သံလွင်ဆီ စားပွဲတင်ဇါန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းရောလိုက်ပါ။ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ ဦးရေပြားကိုလည်း သေချာပွတ်လိမ်းပါ။ မလောက်ဘူးဆိုရင် ၂ ဆ ၃ ဆ ရောပြီးလုပ်နိုင်ပါတယ်။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချပါ။

၄။ ဆံပင်လေမှုတ်စက်နဲ့ ဆံပင်ပုံသွင်းစက်တွေရှောင်ပါ

ဆံပင်လေမှုတ်စက်တွေ၊ ဆံပင်ပုံသွင်းစက်နဲ့ မကြာခဏ ဆံပင်ပုံသွင်းတာတွေကို ရှောင်ပါ။ ဆံကေသာကို အပူချောင်းမကြာခဏထိတွေ့တာဟာ သင့်ဆံကေသာကို ခြောက်သွေ့ပျက်စီးစေပါတယ်။တကယ်လို့ မဖြစ်မနေသုံးမယ်ဆိုရင် ဆံပင်မှာ အဆီတစ်မျိုးမျိုးလိမ်းပေးထားပြီးမှ လေမှုတ်စက်နဲ့ ပုံသွင်းစက်တွေကို အပူချိန်ကိုလျှော့သုံးပါ။