တချို့ဆိုရင် အသိမိတ်ဆွေတွေနဲ့ လမ်းမှာပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ပြန်တွေ့ရင်ပဲဖြစ်ဖြစ် နှုတ်ဆက်စကားပြောပြီးတာနဲ့ ဆက်မပြောသင့်တဲ့ စကားတွေကို ပြောလေ့ရှိကြပါတယ်။ တချို့ကျတော့လည်း မပြောသင့်တဲ့စကားဆိုတာမသိပဲ အကျင့်တစ်ခုလိုဖြစ်ပြီး ပြောနေတတ်တာမျိုးပါ။ ကိုယ်ပြောလိုက်တဲ့စကားက တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင် ဒါဟာ မပြောသင့်တဲ့စကားပါပဲ။

ဒါကြောင့် တစ်နေရာရာမှာ အသိနဲ့ပြန်တွေ့တဲ့အခါ ဒီစကား ၃ ခွန်းကိုတော့ လုံးဝမပြောသင့်ပါဘူး။ များသောအားဖြင့် တော်တော်များများ မကြိုက်ကြတာအမှန်ပါပဲ။

Shaming ဖြစ်စေတဲ့စကားပြောခြင်း

တော်တော်များများ ကြုံဖူးကြမှာပါ။ ကိုယ့်ကိုတွေ့တာနဲ့ “နင်ပိန်သွားလိုက်တာ၊ ဝလာလိုက်တာ၊ အသားတွေမဲလာလိုက်တာ၊ မျက်နှာမှာလည်း ဝက်ခြံတွေနဲ့” စသဖြင့် Shaming ဖြစ်စေတဲ့စကားတွေကို အပြောခံရဖူးမှာပါ။ ကိုယ်တိုင်လည်း ဒီစကားတွေလာပြောရင် လုံးဝကြိုက်မှာမဟုတ်ပါဘူး။ ဒီတော့ တစ်ဖက်လူကိုလည်း မပြောမိအောင် ဆင်ခြင်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့တွေ့ချင်း ဒီလိုတွေပြောတာက ရိုင်းပါတယ်။ တချို့ကျတော့လည်း မြင်တိုင်းကို Shaming လုပ်ပြီး ဝေဖန်တာမျိုးပါ။ ဒါမျိုးတွေက တစ်ဖက်လူအတွက် စိတ်ဒဏ်ရာရတဲ့အထိတောင် ဖြစ်စေနိုင်တာမို့ လုံးဝမပြောသင့်ပါဘူး။

ငွေရေးကြေးရေးကိစ္စစပ်စုခြင်း

တစ်နေရာရာမှာပြန်တွေ့တဲ့အသိတွေ နှုတ်ဆက်စကားပြောပြီးတာနဲ့ ဘယ်မှာလုပ်နေလဲ၊ ဘာလုပ်နေလဲမေးတာမျိုးက ကိစ္စမရှိပါဘူး။ အဲ့ကနေမှ အဆင့်တက်ပြီး လစာဘယ်လောက်ရလဲ၊ တစ်လဝင်ငွေဘယ်လောက်ရှိလဲ စသဖြင့် သူများငွေရေးကြေးရေးကိစ္စတွေကို လိုက်စပ်စုပြီးမေးတာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။

အတွင်းရေးကိစ္စများမေးမြန်းပြောဆိုခြင်း

လူတစ်ယောက်ရဲ့ အတွင်းရေးကိစ္စတွေက သူကိုယ်တိုင်ပြောပြတာမျိုးမဟုတ်ရင် လိုက်မမေးသင့်ပါဘူး။ ရိုင်းတာ၊ လူမှုရေးနားမလည်တာမျိုး ဖြစ်စေပါတယ်။ တချို့ဆို လူရှေ့သူရှေ့မေးတာမျိုးတွေတောင် ရှိပါတယ်။ တစ်ဖက်လူအတွက် စိတ်တိုစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းတွေကို မမေးတာက လူမှုရေးသိတတ်ခြင်းပါပဲ။