ဦးရေပြားပေါ်ရှိ ဆဲလ်သေများ ကွာကျလာခြင်းကို ဗောက်ထခြင်း လို့ ခေါ်ပါတယ်။ ဗောက်ထရခြင်း အကြောင်းအရင်း (၃) ခုကတော့ ဦးရေပြားက လိုအပ်သည်ထက် အဆီပြန်လွန်းခြင်း၊ ဦးရေပြားခြောက်သွေ့လွန်းခြင်းနှင့် ဦးရေပြားတွင် အနာပေါက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ဗောက်ထခြင်းပြဿနာကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီဖြင့် ကုသနည်းတို့ကို ဝေမျှပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီအနံ့ကို မနှစ်သက်သူများကတော့ အခုဖော်ပြပေးမယ့် အုန်းဆီဖြင့်ကုသနည်းကို ဝေမျှပေးချင်ပါတယ်။

နည်းလမ်း (၁)

ပထမနည်းလမ်းကို အသုံးပြုချင်သူများအတွက် လိုအပ်မယ့်ပစ္စည်းနှစ်မျိုးကတော့ အုန်းဆီနဲ့ Rosemary Essential Oil တို့ပဲဖြစ်ပါတယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ကို Rosemary Essential Oil ၃ စက် (သို့) ၅ စက်ခန့်ဖြင့် သမအောင် ရောနှောလိုက်ပါ။

ရရှိလာတဲ့အုန်းဆီအရောအနှောကို ဦးရေပြားနှင့် ဆံကေသာပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆံပင်ကို Shower Cap (သို့) ပုဝါနွေးနွေးတစ်ထည့်ဖြင့် အုပ်ထားလိုက်ပါ။ မိနစ် ၃၀ ခန့် အုပ်ထားပေးရပါမယ်။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

နည်းလမ်း (၂)

ဒီနည်းလမ်းကတော့ အုန်းဆီတစ်မျိုးတည်းပဲ အသုံးပြုရမှာပါ။ သင့်ရဲ့ဆံပင်အရှည်၊ အထူအပါးပေါ်မူတည်ပြီး အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းခန့် လိုအပ်ပါလိမ့်မယ်။ အုန်းဆီကို မီးဖိုပေါ်တင်ပြီး နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ (အလွန်အမင်း ပူအောင် တည်စရာမလိုပါဘူး။)

ရရှိလာတဲ့ အုန်းဆီနွေးနွေးထဲသို့ လက်ချောင်းများနှစ်ထည့်ပြီးနောက် ဦးရေပြားပေါ်တွင် သုတ်လိမ်းကာ နှိပ်နယ်လိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နှိပ်နယ်ပြီးပါက ကျန်ရှိတဲ့ အုန်းဆီများဖြင့် ဆံကေသာအနှံ့ လိမ်းကျံလိုက်ပါ။ မိနစ် ၃၀ ခန့် နှပ်ထားပြီးမှ ခေါင်းလျှော်ရည်ကောင်းကောင်းတစ်မျိုးဖြင့် ခေါင်းလျှော်ချလိုက်ပါ။

နည်းလမ်း (၃)

နည်းလမ်း (၃) ကို အသုံးပြုချင်တယ်ဆိုရင်တော့ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင် ရောမွှေပြီးနောက် ဦးရေပြားနှင့် ဆံကေသာပေါ်တွင် နှံ့စပ်အောင် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ဦးရေပြားကို မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာအောင် နှပ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပြီဆိုရင်တော့ ခေါင်းလျှော်ရည်ဖြင့် လျှော်ချလိုက်လို့ရပါပြီ။