စုံတွဲတွေကြားမှာ ဘယ်လောက်ပဲချစ်ချစ် တစ်ယောက်နဲ့တစ်ယောက် Respect ဆိုတာ ရှိသင့်ပါတယ်။ Respect မရှိပဲ နေရာတကာ လိုက်ပြောပြီး ထိန်းချုပ်နေတာမျိုးတွေ၊ ဘာကိုမှလွတ်လပ်ခွင့်မပေးပဲ ချုပ်ချယ်နေတာမျိုးတွေက ကြာလာရင် အဆင်မပြေဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စုံတွဲတွေကြားမှာ Respect ထားပြီး လိုက်မပြောသင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Body shaming

အစထဲက ဒီပုံစံကိုမကြိုက်ရင် မတွဲပါနဲ့။ ကိုယ်ချစ်လို့တွဲပြီးတော့မှ အရမ်းဝနေတယ်၊ အသားမဲနေတယ်၊ ပိန်လိုက်တာ စသဖြင့် ကိုယ့်ချစ်သူရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး Body shaming လုပ်တာမျိုးတွေ လုံးဝမပြောမိပါစေနဲ့။ ပြောလည်းမပြောသင့်ပါဘူး။ ကောင်းစေချင်လို့၊ လှစေချင်လို့ပြောချင်ရင် နားလည်အောင် သေချာပြောပြပြီး လိုက်လုပ်ပေးပါ။ အဲ့လိုမဟုတ်ပဲ ဝေဖန်ပြောဆိုတာ၊ အပြစ်တင်တာ၊ ခဏခဏ ဒါကိုပဲပြောနေတာမျိုးဆိုရင်တော့ တစ်ဖက်လူက အရမ်းကိုဝမ်းနည်းသွားပါလိမ့်မယ်။

မိသားစု

မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုး၊ ချုပ်ချယ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် မိသားစုနဲ့ပတ်သက်ပြီး လိုက်နှိုင်းယှဉ်တာမျိုးတွေလည်း မပြောသင့်ပါဘူး။ တချို့ဆိုရင် မိသားစုထက် ကိုယ့်ကိုပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ ပိုချစ်တာ လိုချင်ကြပါတယ်။ ဒါမျိုးကျတော့ အရမ်းကို အတ္တကြီးရာကျပါတယ်။ ချစ်သူကချစ်သူ၊ မိသားစုကမိသားစုပါပဲ။ လုံးဝလိုက်မနှိုင်းသင့်ပါဘူး။ မိသားစုဆိုတာ လူတိုင်းအတွက် အစားထိုးလို့မရတဲ့အရာပါ။

အပေါင်းအသင်း

အပေါင်းအသင်းကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လိုတာထက်ပိုပြောမိတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်နဲ့တွဲမှပဲ ဟိုလူနဲ့မပေါင်းနဲ့၊ ဒီလူနဲ့မပေါင်းနဲ့၊ ဘယ်အပေါင်းအသင်းနဲ့မှ အပြင်မသွားနဲ့ စသဖြင့် လိုက်ချုပ်ချယ်ပြီးပြောတာတွေက လုံးဝမလုပ်သင့်ပါဘူး။ လူတိုင်းမှာ အပေါင်းအသင်း သူငယ်ချင်းဆိုတာ ရှိတာပါပဲ။ မကောင်းတဲ့သူနဲ့ မပေါင်းခိုင်းတာမျိုးလောက်ပဲ ပြောသင့်ပါတယ်။ နေရာတကာလိုက်ပြောလွန်းတော့ နားလည်မှုမရှိဘူး၊ ချုပ်ချယ်လွန်းတယ်ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။