Minimalism ဆိုတာ ပိုင်ဆိုင်မှုနည်းနည်းပဲ ထားတာမျိုးလို့ ပြောတာပါ။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Minimalist Lifestyle ဆိုတာ တကယ်လိုအပ်တဲ့ ပစ္စည်းတွေပဲ ထားပြီး နေထိုင်တဲ့ လူမှုဘဝမျိုး ဖြစ်ပါတယ်။

Minimalist တွေဟာ လွတ်လပ်ပေါ့ပါးတဲ့ ဘဝပုံစံနဲ့ နေထိုင်ဖို့ ကြိုးစားကြသူတွေ ဖြစ်ပြီး ဟိုဟာဝယ်ချင် ဒီဟာလိုချင်ဆိုတဲ့ ‘ချင်’ စိတ်တွေ နည်းတာကို သဘောကျသူတွေပါ။ တကယ်လို့ သင်ဟာ ခရီးသွားရင် ငှက်တစ်ကောင်လို ပေါ့ပေါ့ပါးပါး ဝန်မများဘဲ ခရီးသွားတတ်တဲ့ Minimalist Traveler တစ်ယောက်ဆိုရင် သင့်ကျောပိုးအိတ်မှာ ပစ္စည်းတွေ ထည့်ခါနီး ဒီအချက်တွေ သိထားသင့်ပါတယ်။

(၁) ဘယ်သွားမှာလဲ စဉ်းစားပါ

Photo : TheMarket

ဒီအချက်က ရှင်းပါတယ်။ သင်သွားမယ့်အရပ်က နွေးထွေးတဲ့ ကမ်းခြေဆိုရင် ဂျာကင်နဲ့ အနွေးထည်တွေ ယူသွားတာ အပိုပါပဲ။ အဝတ်အစားဆိုရင် ဘယ်နှစ်ထည်နဲ့ ဖြစ်သလဲဆိုတာ ကိုယ်သွားမယ့် ခရီးနဲ့ ကြာချိန်ပေါ်လိုက်ပြီး စဉ်းစားလို့ ရပါတယ်။ မလိုအပ်ဘဲ အပိုဆောင်တဲ့အနေနဲ့ ပစ္စည်းတွေ တနင့်ကြီး ထည့်သွားရင် အလကားပါပဲ။

(၂) သင်မှတ်မိသလောက်ပဲ သယ်ပါ

Photo : The Good Web Guide

သင့်ကျောပိုးအိတ်ထဲမှာ ထည့်သွားမယ့် ပစ္စည်းတွေဟာ နံပါတ်တစ် တကယ်သုံးမယ့် (လိုအပ်တဲ့) ပစ္စည်းတွေ ဖြစ်ရမယ်။ ပြီးရင်တော့ သင်ပြန်စစ်ကြည့်ရင်တောင် ခေါင်းထဲ မှတ်မိနေမယ့် ပစ္စည်းတွေ ဖြစ်သင့်ပါတယ်။ ပါသွားပြီး မသုံးရတဲ့ ပစ္စည်းတွေနဲ့ များလွန်းလှတဲ့ တိုလီမိုလီတွေကြောင့် ခေါင်းကိုက်မခံပါနဲ့။

(၃) အပြန်မှာ ဘာသယ်လာမလဲ

Photo : analipsonmd

ခရီးအသွားမှာ စဉ်းစားသလိုပဲ ခရီးက အပြန်မှာ ဝယ်ချင်တာလေးတွေအတွက် သင့်အိတ်မှာ နေရာချန်ထားဖို့ လိုပါတယ်။ အနည်းဆုံး ခရီးပြန်လက်ဆောင်လေးတွေ ဝယ်လာဖြစ်တတ်လို့ပါ။ ခရီးအသွားမှာ သင့် Suit Case ထဲ တတ်နိုင်သလောက် ကျစ်ကျစ်လျစ်လျစ်နဲ့ ထုပ်ပိုးသွားရင် အပြန်လက်ဆောင်တွေ ထည့်ဖို့ပါ နေရာကျန်နိုင်ပါတယ်။