မျက်နှာအသားအရေအတွက် ဆန်မှုန့်ရဲ့ကောင်းကျိုးနဲ့အသုံးဝင်ပုံ ၃ မျိုးကို ပြောပြပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် ငွေကုန်ကြေးကျလည်းသက်သာပြီး ပုံမှန်လုပ်ဖို့အတွက်လည်း အဆင်ပြေမှာပါ။

မျက်ကွင်းညိုခြင်းအတွက်

မျက်ကွင်းညိုတာကိုသက်သာအောင် ဆန်မှုန့်နဲ့လုပ်ပေးလို့ရပါတယ်။ လုပ်ရမယ်ပုံစံကတော့ ငှက်ပျောသီး၊ ကြကဆူဆီနဲ့ ဆန်မှုန့်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ချိန်ဆထည့်ပြီးရောမွှေပါ။ ပြီးရင်တော့ မျက်ကွင်းညိုတဲ့နေရာတစ်ဝိုက် လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုလုပ်ပေးခြင်းက မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။

မျက်နှာဖြူစေဖို့အတွက်

ပုံမှန်ထက် မျက်နှာအသားရေလေးဖြူပြီးလင်းလာစေဖို့ ဆန်မှုန့်ကိုသုံးပေးနိုင်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ဆန်မှုန့်၊ ပျားရည်နဲ့ ဒိန်ချဉ်တို့ကို ဆတူချိန်ထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့လည်ပင်းကို သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချပြီး ကိုယ်လိမ်းနေကျ skincare တွေ ပြန်လိမ်းပေးရုံပါပဲ။

အရေးအကြောင်းနဲ့ဝက်ခြံများအတွက်

မျက်နှာနဲ့လည်ပင်းမှာရှိတဲ့ အရေးအကြောင်းတွေ လျော့နည်းလာစေဖို့၊ ဝက်ခြံတွေသက်သာလာစေဖို့ ဆန်မှုန့်ကို သုံးပေးပါ။ လုပ်ရမယ့်ပုံစံကတော့ ဆန်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပန်းကန်ထဲထည့်ပြီး သခွားသီးအရည်နဲ့ သံပယိုရည်တို့ကို ချိန်ထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင်တော့ အရေးအကြောင်းရှိတဲ့နေရာနဲ့ ဝက်ခြံထွက်တဲ့နေရာကို လိမ်းပေးပါ။ ခြောက်သွားပြီဆိုမှ ရေဆေးချလိုက်ပါ။