ကျွန်တော်တို့ နောင်တအရဆုံးအရာဟာ ဘာတွေ ဖြစ်မလဲ။ Barking Up The Wrong Tree ရေးတဲ့ အဲရစ်ဘာကာကတော့ နောင်တရစေတဲ့ အရာတွေကို သင်္ချာနည်းအရ ခွဲကြည့်မယ်ဆိုရင် ကိုယ်မလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရတာနဲ့ ကိုယ်လုပ်ခဲ့တာတွေကြောင့် နောင်တရတာဟာ ၇၅/၂၅ ရှိတယ်လို့ ဆိုပါတယ်။ နောင်တအရဆုံး ကိစ္စတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်ပါဘူး ။ တစ်ချို့တွေက ပညာရေးနဲ့ ပတ်သက်လို့ ၊တစ်ချို့က အလုပ်ကြောင့် ၊ တစ်ချို့က အချစ်ရေး တစ်ချို့တွေက လူမှုဆက်ဆံရေး စသည်ဖြင့် အမျိုးအမယ် စုံမှာပါ။ ဒါဆို အဓိကမေးခွန်းတစ်ခု ရှိလာပါတယ်။ နောင်တမရှိဘဲ ဘဝမှာ ဘယ်လို‌နေရမလဲ ဆိုတာပါပဲ။ အဲရစ်ဘာကာရဲ့ အဖြေကို အောက်မှာ ကြည့်နိုင်ပါတယ်။

(၁) ပထမဆုံးအချက်က သောကမထားပါနဲ့တဲ့။ နောင်တဟာ တကယ့်အဖြစ်ထက် ပိုပြီး နာကျင်ရတယ်ဆိုတာကို အမြဲသိထားပါတဲ့။ ကျွန်တော်တို့တတွေဟာ နောင်တရဲ့ ဂယက်ကို အမြဲပိုပိုသာသာ တွက်ထားတတ်ကြတယ်လို့လည်း သုတေသနတွေက ဆိုပါတယ်။

(၂) အနာဂါတ်အတွက် လုပ်ချင်လျက်နဲ့ မလုပ်ဘဲ ချန်ခဲ့တာမျိုးက အမြဲအဖြေမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်လုပ်ချင်ခဲ့ပေမယ့် တငင်ငင်နဲ့ ချန်ထားခဲ့တဲ့အရာတွေကြောင့် စိတ်ထဲမှာ အမြဲခိုးလုခုလု ကျန်နေမှာ ဖြစ်ပါတယ်။ တကယ်လို့ မပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ နောက်ကြောင်းပြန်မတွေးတာက အကောင်းဆုံး ပါပဲ။

(၃) ပျော်ရွှင်မှုဆိုတာ ရှုထောင့်နဲ့ ဆိုင်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေကို ကိုယ့်ထက် ပြည့်စုံတဲ့သူနဲ့ နှိုင်းယှဉ်တာမျိုး ရပ်လိုက်ပါ။ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေရှိတာကို အမြဲသိထားပြီး လက်ရှိအခြေအနေကို ကျေနပ်တတ်ဖို့ လိုပါတယ်။ ကျေနပ်စရာ အမြင်နဲ့ ကြည့်တတ်ရင် နောင်တမရဘဲ နေတတ်သွားမှာပါ။

Photo : Shutterstock