အတော်များများကတော့ နာမည်ကြီးမင်းသားမင်းသမီးတွေ ၊ အဆိုတော်တွေရဲ့ စတိုင်ကို အတုခိုးကြတာ များပါတယ်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းလည်း မတူ ၊ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်တွေ ၊ အကြိုက်ချင်းတွေလည်း မတူကြပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို ပုံတူကူးချတယ်ဆိုတာ အတော်လေး ယုတ္တိမဲ့ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ပိုင်စတိုင်နဲ့ နေဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် ကိုယ်ပိုင်စတိုင်နဲ့ နေထိုင်သင့်သလဲဆိုရင်

(၁) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တက်စေတယ်

Photo: Getty Images

ကိုယ်ပိုင်စတိုင်နဲ့ နေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ကိုယ့်ပုံရိပ်နဲ့ကိုယ် နေတဲ့သူဟာ လွတ်လပ်တယ် ၊ ကိုယ့်အကြိုက်နဲ့ကိုယ် နေတာ ဖြစ်လို့ သက်တောင့်သက်သာလည်း ရှိတယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် ရှာတွေ့သွားတာပဲ ဖြစ်ပါတယ်။

(၂) ဖန်တီးမှုလည်း ပိုကောင်းတယ်

Photo: Freepik

ကိုယ့်ပုံစံကို ဖော်ကြည့်ခြင်းဟာ ကိုယ့်ကိုယ့်ကိုယ် ဘယ်လိုလူလဲဆိုတာ တူးဆွကြည့်ခြင်းတစ်မျိုးပါပဲ။ ကိုယ်တိုင်လုပ်ရတဲ့ အရာတိုင်းဟာ စိတ်လှုပ်ရှားစရာကောင်းသလို ဆန်းသစ်မှုလည်း ပေးပါတယ်။ ဘာပဲဝတ်ဝတ် ဘယ်လိုပဲ နေနေ ကိုယ့်အထာနဲ့ကိုယ် နေထိုင်ခြင်းဟာ ကိုယ့်လမ်းကြောင်းကို ကိုယ်ဖော်လိုက်တာပါပဲ။ ဘယ်သူနဲ့မှ မတူခြင်းကိုက ရသတစ်မျိုး ဖြစ်ပါတယ်။

(၃) ပျော်စရာကောင်းတယ်

Photo: Picfair

လွတ်လပ်တဲ့စိတ်ရှိသူတွေဟာ ဘယ်သူ့ရဲ့ပုံတူမှ မဟုတ်ပါဘူး။ သူများတွေဟန်အတိုင်း လိုက်နာပြီး နေထိုင်သွားမလား။ ကိုယ့်ဦးတည်ချက်ညွှတ်ရာပဲ နေထိုင်မလားဆိုရင် ဒုတိယအချက်ကို ရွေးတာဟာ အမြဲပဲ ပေါ့ပါးပါတယ်။ ဒါဟာ အဝတ်အစားကိုပဲ ပြောတာမျိုး မဟုတ်ပါဘူး။ ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ်သားသား နေနိုင်သူတွေဟာ ဘယ်တော့မဆို ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စံနဲ့ပဲ နေထိုင်တာကြောင့် ဖြစ်ပါတယ်။