အားလုံးပဲ မင်္ဂလာပါ။ မိုးသောက်မနက်ခင်းချိန်က ကိုယ့်ရဲ့ နေ့သစ်တစ်နေ့ စတင်ရာ အချိန်ပါ။ ဒီလိုအချိန်မှာ အကောင်းမြင်စိတ်တွေနဲ့ပဲ ဝန်းရံထားသင့်ပါတယ်။ သင့်အနေနဲ့ မနက်မိုးလင်းတာနဲ့ ချက်ချင်း ဘာလုပ်ဖြစ်လဲ။ အိပ်ရာက မထသေးဘဲ Facebook ထဲ တန်းဝင်လား။ ဒါမှမဟုတ် မထသေးဘဲ ငါးမိနစ်လောက် မှေးနေသေးလား။ သင်က အရင်ကထက် ပိုထက်မြက်ပြီး ပိုတော်ချင်တယ်ဆိုရင်တော့ ဒီမေးခွန်း (၃) ခုကို နေ့တိုင်း မေးသင့်ပါတယ်။

၁။ ငါဒီနေ့ ဘယ်လို ခံစားချက်နဲ့ နေချင်လဲ


ဘယ်လိုခံစားချက်နဲ့ နေချင်လဲ သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ ဘယ်လိုအခက်အခဲပဲကြုံကြုံ အကောင်းမြင်စိတ်ကို ထားမလား။ ဒါမှမဟုတ် တစ်ခုခု အဆင်မပြေတာနဲ့ စိတ်တိုဒေါသထွက်မလား။ သောကတွေနဲ့ ဖိစီးမလား။ အကြံတစ်ခုပေးရမယ်ဆိုရင်တော့ “တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်”ဆိုတဲ့ အဖြေကပဲ အကောင်းဆုံးပါ။

၂။ ဒီနေ့ဘာပေးချင်လဲ


ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ ပတ်ဝန်းကျင်ကလူတွေကို ဘာပေးချင်လဲ။ ကောင်းမွန်တဲ့အရာတွေ ပေးချင်လား။ စိတ်ပျက်စရာတွေပေးချင်လား။ ကိုယ့်ဘာကိုယ် ဆုံးဖြတ်ကြည့်ပါ။ တစ်ခါတလေ ကိုယ့်ရဲ့ အပြုအမူကြောင့် အခြားလူတွေ အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ်မိသားစုကို စိတ်ချမ်းသာအောင်ထားမလား စိတ်ဆင်းရအောင် ထားမလား ကိုယ်တိုင် ဆုံးဖြတ်ပါ။

၃။ ဒီနေ့ ဘယ်လိုလူမျိုးဖြစ်ချင်လဲ


ငါဒီနေ့ ဘယ်လိုလူဖြစ်ချင်လဲ။ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် အချိန်ကို အကျိုးရှိရှိ အသုံးချမလား။ ဒါမှမဟုတ် အကျိုးမရှိတာတွေ လုပ်ရင်းနဲ့ အချိန်ကုန်မလား။ ငါက ဘယ်သူလို အောင်မြင်ချင်တာလဲ။ ငါ့ရဲ့ စံပြပုဂ္ဂိုလ် ဘယ်သူဘယ်ဝါလို အောင်မြင်ချင်တာလဲ။ စသဖြင့် ကိုယ့်ကိုကိုယ် ဘယ်လိုလူဖြစ်ချင်လဲ ပြန်စဉ်းစားပါ။

ဒီမေးခွန်းသုံးခုကတော့ မနက်မိုးလင်းတာနဲ့ သင့်ကိုယ်သင်မေးသင့်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒီမေးခွန်းသုံးခုရဲ့ အဖြေကို မိုးလင်းတာနဲ့ စာအုပ်တစ်အုပ်ထဲ ချရေးလို့လည်း ရပါတယ်။ ဒီမေးခွန်း သုံးခုကြောင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေ အလုံးစုံ မလျော့သွားရင်တောင် အရင်ကထက် ပိုအဆင်ပြေလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar