ပျိုမေတို့မင်္ဂလာပါနော်။ များသောအားဖြင့် သဘာဝဆံသားအကောက်ရှိသူတွေနဲ့ ဆံပင်ကောက်ထားတဲ့ သူတွေမှာ ကောက်သားအလွယ်တကူပြေတာ၊ ရှုပ်ပွလွယ်တာနဲ့ ဆံပင်အကျွတ်များတာစတဲ့ပြဿနာတွေ ဖြစ်တတ်တာကြောင့် ဆံသားအကောက်တွေကို ပုံမှန်ဂရုစိုက်ပေးဖို့အရေးကြီးပါတယ်။

Chemical များတဲ့ ကောက်သားလိမ်းဆေးတွေ မကြာခဏသုံးတာကလည်း သင့်ဆံသားကို တဖြည်းဖြည်း ခြောက်ကပ်လာစေတာကြောင့် ဒီတစ်ခေါက်မှာ ဆံပင်အကောက်ရှိတဲ့ပျိုမေတို့အတွက် သဘာဝအတိုင်း ဆံသားပေါင်းတင်နည်းတွေကိုမျှဝေပေးလိုက်ပါတယ်။ တကယ်တမ်းထိရောက်ပြီး အကုန်အကျသက်သာတဲ့ သဘာဝပစ္စည်းတွေသာပါဝင်တာကြောင့် လုပ်ရလည်းလွယ်ကူစေမှာပါ။

၁။ ဌက်ပျောသီးနဲ့ ဒိန်ချဉ်


ထူထူအိအိလေးနဲ့စိုပြေတဲ့ဆံသားရဖို့ အစိုဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ဌက်ပျောသီးနဲ့ဒိန်ချဉ်က ဆံသားအကောက်တွေကို ထိထိရောက်ရောက်အစိုဓာတ်ရစေပြီး အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေတဲ့အပြင် ဆံပင်အမျိုးအစားအားလုံးအတွက် လည်းအသုံးပြုနိုင်ပါတယ်။ ပြုလုပ်ရမှာကတော့ ဌက်ပျောသီးတစ်လုံးကိုကြိတ်ပြီး ဒိန်ချဉ်ခွက်သေးတစ်ခွက်စာနဲ့ရောမွှေပေးပါ။ ရလာတဲ့ပေါင်းတင်အနှစ်ကို ဆံပင်အရင်းဦးရေပြားကနေ အဖျားပိုင်းအထိနှံ့အောင်လိမ်းပေးရပါမယ်။ ခေါင်းလျှော်ရည်အပျော့၊ ရေနွေးနွေးတို့နဲ့ ပြန်လျှော်ပေးရမှာဖြစ်ပြီး မလျှော်ခင်မှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိထားပေးနိုင်ပါတယ်။ ဌက်ပျောသီးက ဆံသားကောက်လိပ်တွေကို နူးညံ့သွားစေတာကြောင့် ကောက်သားကြာရှည်ခံချင်သူတွေ အနေနဲ့ ဒီနည်းကို တစ်ခါတစ်လေမှသာပြုလုပ်သင့်ပါတယ်။

၂။ ကြက်ဥအကာနဲ့ ပျားရည်


ကြက်ဥက အသားအရေအတွက်ရော ဆံသားအတွက်ပါ အစိုဓာတ်ပေးနိုင်ပြီး ဆံပင်အကျွတ်များတဲ့ ပြဿနာကိုလျှော့ချပေးနိုင်ပါတယ်။ ပျားရည်ကလည်း ဆံနွယ်တွေကိုအားဖြည့်ပေးပြီး တောက်ပစေတာကြောင့် ပျားရည်နဲ့ကြက်ဥပါဝင်တဲ့သဘာဝပေါင်းတင်နည်းကို အသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ အနှစ်မပါတဲ့ ကြက်ဥအကာအရည်ကို ပျားရည်တစ်ဇွန်းစာနဲ့ရောပြီး သမအောင်မွှေပေးရပါမယ်။ ပြီးနောက် ဆံသားအနှံ့လိမ်းပြီး ခြောက်သွားတဲ့အထိ ၂၅ မိနစ်ခန့်ထားနိုင်ပါတယ်။ ပေါင်းတင်ပြီးနောက် ရေနွေးနွေး၊ ခေါင်းလျှော်ရည်အပျော့တို့သုံးပြီးပြန်လည်ဆေးချပေးပါ။

၃။ ဆန်ဆေးရည်နဲ့ ထောပတ်သီး

Photo Source: Seventeen Magazine

ဆန်ဆေးရေမှာ ပျက်စီးနေတဲ့ဆံသားကို အတွင်းပိုင်းအထိပြန်လည်ပြုပြင်ပေးနိုင်တဲ့ Inositiol လို့ခေါ်တဲ့ အာနိသင်တစ်မျိုးပါဝင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ထောပတ်သီးကလည်း ဆံသားအစိုဓာတ်ရစေတဲ့ သဘာဝအသီးတစ်မျိုးဖြစ်တဲ့အပြင် သူ့မှာ ဆံပင်အရှည်မြန်စေတဲ့ ဗီတာမင်ဘီဓာတ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဆန်ဆေးရည်နဲ့ထောပတ်သီးပေါင်းတင်နည်းက သင့်ဆံသားအကောက်တွေကိုကျန်းမာစေပြီး ကောက်သားပိုပေါ်စေဖို့ကူညီပေးနိုင်မှာပါ။


လုပ်ရမှာကတော့ ဆန်ဖယ်ပြီးသား သုံးခါမြောက်ဆန်ဆေးရည်ကြည်ကို ကြိတ်ပြီးသားထောပတ်သီးနဲ့ ရောပေးပါ။ ပြီးနောက် ဦးရေပြားကနေ ဆံနွယ်အဖျားအထိလိမ်းပေးပြီး အများဆုံး ၂၅ မိနစ်အထိ ထားနိုင်ပါတယ်။ အချိန်ပြည့်တဲ့အခါ သူ့ကိုလည်းအပေါ်ကနည်းတွေနဲ့ အလားတူ ခပ်နွေးနွေးရေ၊ ခေါင်းလျှော်ရည်အပျော့တို့နဲ့ ပြန်လည်လျှော်ချပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar