မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့အတွက် ထွေထွေထူးထူးပြင်စရာမလိုဘဲ ကိုယ့်လက်သည်း သဘာဝအရောင်လေး ကြည်လင်ပြီးပန်းရောင်သမ်းနေစေဖို့ အိမ်မှာကိုယ်တိုင် DIY လုပ်ကာ လွယ်လွယ်ကူကူ လက်သည်းပေါင်းတင်နိုင်မယ့် နည်းလမ်းအချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်နော်။

လက်သည်းတွေက လူတစ်ယောက်ရဲ့သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ဖော်ပြနိုင်တာကြောင့် ပုံမှန်ဂရုစိုက်ပေးဖို့ အရေးကြီးသလို လက်သည်းကြည်ကြည်လေးတွေ ရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးပြီး ဆွဲဆောင်မှုတစ်မျိုးလည်းဖြစ်စေပါတယ်။ ဒါ့အပြင် လက်သည်းအရောင်ညစ်ပြီး ဝါတတ်တဲ့ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်စေတာမို့ ပေါင်းတင်နည်းတွေကို ကြည့်လိုက်ရအောင်။

နို့စိမ်း၊ နှင်းဆီပေါင်းခံရည်တို့နဲ့ စိမ်ပြီးပေါင်းတင်နည်း

ပထမတစ်နည်းကတော့ နို့စိမ်းနဲ့ နှင်းဆီပေါင်းခံရည်တို့ကို တစ်ခွက်စာ ဆတူရောပေးရမှာဖြစ်ပါတယ်။ ပြီးနောက်ခွက်ထဲထည့်ပြီး သင့်လက်သည်းတွေအားလုံးမြုပ်အောင်စိမ်ထားလိုက်ပါ။ ၁၅ မိနစ်ခန့်စိမ်ပြီးနောက် အဝတ်နုတစ်ခုနဲ့ လက်ခြောက်တဲ့အထိ ခပ်ဖွဖွသုတ်ပေးရုံပါပဲ။ နို့ရဲ့အာနိသင်က သဘာဝအတိုင်း လက်သည်းအစိုဓာတ်ပေးပြီး လက်ပန်းကုံးတွေကို သန်မာစေသလို နှင်းဆီရည်က သင့်လက်သည်းအရောင်ညစ်တာ၊ လက်သည်းဝါတာတွေကိုသက်သာစေပါလိမ့်မယ်။

နို့ခရင်မ်၊ Glycerine အလှဆီ၊ ဗီတာမင် E တို့နဲ့နှိပ်နယ်ခြင်းနည်း

Photo Source: Inlife Healthcare

ဒီနှိပ်နယ်တဲ့နည်းက လက်သည်းခြောက်တာသက်သာစေပြီး ခဏခဏကြိုးပဲ့ခြင်းမဖြစ်အောင် အားဖြည့်ပေးတဲ့နေရာမှာအရမ်းအသုံးဝင်ပါတယ်။ ဒီနည်းမှာပါတဲ့ Glycerine အလှဆီတစ်မျိုးက ချေးချွတ်ဆေးများတဲ့ ဆပ်ပြာနဲ့ ရာသီဥတုဒဏ်ကြောင့်ဖြစ်တဲ့ လက်သည်းပျက်စီးမှုကိုသက်သာစေပြီး ဗီတာမင် E ရဲ့ Antioxident ဓာတ်က အရေပြားရင့်ရော်စေတဲ့ ဆဲလ်သေနဲ့ အဆိပ်အတောက်တွေပျယ်စေဖို့ ကူညီပေးပါလိမ့်မယ်။ လုပ်ရမယ့်နည်းကတော့ ခွက်သေးတစ်ခွက်ထဲမှာ နို့ခရင်မ်၊ Glycerine နဲ့ ဗီတာမင် E တို့ကို စားပွဲတင် တစ်ဇွန်းစီထည့်ကာ ရောထားလိုက်ပါ။ ရလာတဲ့အရောကို သင့်လက်သည်းပေါ်မှာ စက်ဝိုင်းပုံပွတ်ပြီး နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ ပြီးနောက် မိနစ် ၂၀ လောက်ထားကာ ရေနွေးနွေးနဲ့ဆေးချပေးပါ။

Coffee Scrub နဲ့ အညစ်အကြေးတိုက်ချွတ်နည်း

လက်သည်းရှည်ထားတတ်တဲ့သူတွေ ပုံမှန်လုပ်ပေးသင့်တဲ့ Scrub နည်းဖြစ်ပြီး သင့်လက်သည်းအရှည်ကို သန့်စင်နေစေဖို့နဲ့ လက်အသားမာတက်တာတွေသက်သာစေဖို့ပါ ထောက်ပံ့ပေးနိုင်ပါတယ်။ Coffee မှုန့် တစ်ဇွန်းကို အုန်းဆီတစ်ဇွန်းခန့်နဲ့ ရောလိုက်ပါ။ အစိုဓာတ်ပိုရစေဖို့ ပျားရည်တစ်ဇွန်းလောက်ထည့်ပေးတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ ရလာတဲ့ Scrub အနှစ်ကို ရေမစွတ်ထားတဲ့လက်သည်းတွေပေါ်မှာ Scrub တိုက်ပေးရပါမယ်။ ပြီးရင်တော့ ရေနွေးနွေးနဲ့ဆေးပြီး ရေခြောက်သွားတဲ့အခါ Hand Cream တစ်ခုခုလိမ်းထားပေးလိုက်ပါ။ အမြဲပန်းရောင်သမ်းပြီးကြည်လင်တဲ့ လက်သည်းလေးအတွက် ဒီနည်းကို တစ်ပတ်တစ်ခါလောက် ပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar