မင်္ဂလာပါနော်။ လတ်တလော ပုံမှန်ထက် မျက်ကွင်းညိုပြီး ကြည့်ရဆိုးလာလို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ မျက်ကွင်းညိုတာက များသောအားဖြင့် အိပ်ရေးပျက်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ နေပူထဲထွက်တာ၊ ဖုန်းကြည့်များတာနဲ့ Stress စတာတွေကြောင့်ဖြစ်တတ်ပါတယ်။

မျက်လုံးအောက်က အရေပြားက အခြားအသားအရေအစိတ်အပိုင်းတွေထက် ပိုနူးညံ့ပြီး ရောင်ရမ်းလွယ်တာကြောင့် ပုံမှန်ထက်ဂရုစိုက်မှုပေးဖို့လိုပါတယ်။ ဈေးကွက်ထဲက အချို့ Eye Cream တွေမှာ ကိုယ့်အသားအရေနဲ့ဓာတ်မတည့်ဖြစ်ပြီး ပိုးဝင်ကာ ပိုဆိုးစေတတ်တာကြောင့် အရင်ဆုံး သဘာဝနည်းလမ်းတွေနဲ့ ပြုပြင်ကြည့်ပေးသင့်ပါတယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ လုပ်ရလည်းလွယ်ပြီး မျက်ကွင်းညိုတာအပြင် မျက်အိတ်ဖောင်းတာတွေကိုပါ အရောင်ကျသက်သာလာစေမယ့် မျက်နှာလေ့ကျင့်ခန်းတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

လေ့ကျင့်ခန်း ၁


ပထမဆုံးအနေနဲ့ မျက်ကွင်းတစ်ဝိုက်ကို သင့်လက်ညိုးနဲ့ စက်ဝိုင်းပုံလှည့်ပြီး စက္ကန့် ၃၀ ခန့် ခပ်ဖွဖွ ဖိပုတ်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သင့်မျက်အိတ်ကို အရောင်ကျစေတဲ့အပြင် မျက်လုံးတစ်ဝိုက် အရေပြားကိုပါ ချောမွေ့လာစေပါလိမ့်မယ်။

လေ့ကျင့်ခန်း ၂


အောက်မျက်ခွံနှစ်ဖက်လုံးပေါ်မှာ သင့်လက်ညိုးနဲ့လက်ခလယ်ကို အက္ခရာ V ပုံစံလုပ်ကာ တင်ထားပေးလိုက်ပါ။ ပြီးနောက် သင့်လက်ညိုးနှစ်ဖက်နဲ့ မျက်ကွင်းတစ်ဝိုက်ကို လှည့်ပြီးပွတ်ပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ငါးကြိမ်လောက် ပြုလုပ်ပေးပါ။ ဒါက သင့်မျက်ဝန်းတစ်ဝိုက် သွေးကြောလည်ပတ်မှုအားကောင်းစေပြီး မျက်ကွင်းနဲ့ မျက်အိတ်ကိုအရောင်ကျစေပါလိမ့်မယ်။

လေ့ကျင့်ခန်း ၃


ဒီလေ့ကျင့်ခန်းအတွက် သင့်လက်ညိုးနဲ့လက်မကို မျက်မှန်ပုံစံဝိုက်ပြီး မျက်ခွံတစ်ဝိုက်မှာကွေးထားပေးပါ။ ပြီးနောက် ဘေးကို အနည်းငယ်ဖိဆွဲခြင်း၊ အပေါ်ပင့်တင်ခြင်း၊ ဖွဖွဖိပေးခြင်းတွေ တစ်လှည့်စီပြုလုပ်ပေးရပါမယ်။ ဒီအဆင့်သုံးခုပေါင်းကာ အကြိမ် ၂၀ ခန့် တစ်ကြော့ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သုံးရက်မြောက်လောက်မှာ သိသိသာသာ မျက်ကွင်းညိုသက်သာပြီး အရောင်ကျလာတာကို တွေ့ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar