တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ ကျန်းမာရေးရဲ့ အခြေခံဆိုတာ အားလုံးလည်း သဘောပေါက်ထားကြပါတယ်။ ကိုယ်ခန္ဓာဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်တဲ့ အခြေအနေနဲ့ အချိန်တိုင်း ရင်ဆိုင်နေရတာပါ။

အခုလို COVID-19 ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာဆို ရောဂါကူးစက်မှု လျော့ပါးအောင် လက်ကို စနစ်တကျ မကြာမကြာ ဆေးပေးဖို့ တိုက်တွန်းနေကြပါတယ်။ လက်ကို ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောခြင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နည်းအောင် ကူညီပေမယ့် ကိုယ်ခန္ဓာရဲ့ နေရာအများစုကတော့ ဆပ်ပြာတိုက်ဖို့ မလိုဘူးလို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

Photo : insider

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းသွားအောင်လို့ အလွန်အကျွံ ရေချိုးတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ တိုရန်တိုတက္ကသိုလ် အရေပြားဆိုင်ရာ လက်ထောက်ပါမောက္ခ ဆန်ဒီစကော့နစ်ကီကတော့ ဆပ်ပြာကို တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံး တိုက်တာဟာ အနီကွက်ထ ယားယံတာလိုမျိုး အရေပြားပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တစ်ကိုယ်လုံး ဆပ်ပြာပွတ်ခြင်းဟာ အရေပြားကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဘက်တီးရီးယားတွေပါ ပျက်စီးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် တစ်ချို့ဘက်တီးရီးယားတွေကို လိုအပ်ပါတယ်။ ဆပ်ပြာအလွန်အကျွံတိုက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းတဲ့ ဘက်တီးရီးယားတွေ ပျက်စီးစေပြီး ကိုယ်ခံအားစနစ် နည်းသွားရာကနေ ဖျားနာနိုင်ပါတယ်။

Photo : The Independent

ဒါဆို ဘယ်နေရာတွေကိုပဲ နေ့တိုင်း ဆပ်ပြာတိုက်ပေးဖို့ လိုသလဲလို့ မေးစရာ ရှိလာပါတယ်။ အရေပြားဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဆန်ဒီစကော့နစ်ကီကတော့ ရေချိုးလို့ ဆပ်ပြာကို အမြဲတိုက်ပေးရမယ့် နေရာကတော့ ချိုင်းနေရာ ၊ ပေါက်ခြံနဲ့ ခြေထောက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။’

ဒီနေရာတွေဟာ ခန္ဓာကိုယ်မှာ Sensitive အဖြစ်ဆုံး အရေပြားနေရာတွေ ဖြစ်ပြီး မှိုနဲ့ ကူးစက်ရောဂါတွေ အဖြစ်များဆုံး နေရာတွေ ဖြစ်လို့ပါတယ်။ အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါတွေနဲ့ ဘက်တီးရီးယားတွေ အဖြစ်များဆုံး နေရာလည်း ဖြစ်လို့ ဒီနေရာတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။