“အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ ကြုံရတတ်၏” ဆိုတဲ့စကားလေးအတိုင်းပဲ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းမှုများကို နေ့စဉ်ဘဝမှာ လူတိုင်းကြုံတွေ့ရတတ်ပါတယ်။ ထိုကဲ့သို့ စိတ်ဖိစီးမှုများ ကြုံတွေ့လာရတဲ့အခါ ထိုစိတ်ဖိစီးမှုကို ပြေပျောက်နိုင်ဖို့အတွက် အချိန်အနည်းငယ် ပေးဖို့ပဲလိုပါတယ်။

တစ်မိနစ်ခန့် အချိန်ပေးရုံနဲ့ စိတ်ဖိစီးမှုများကို ဘယ်လိုဖြေဖျောက်ရမလဲ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ အတူတူဖတ်ကြည့်လိုက်ရအောင်။

ပီကေဝါးပါ

လေ့လာတွေ့ရှိချက်များအရ ပီကေဝါးခြင်းက စိတ်ဖိစီးမှုကို ဖြေပျောက်ပေးတဲ့အပြင် စိတ်ပင်ပန်း နွမ်းလျခြင်း၊ စိတ်လှုပ်ရှားခြင်းနဲ့ စိတ်ကျရောဂါတို့ကို ဖယ်ရှားပေးကာ စိတ်ကြည်လင် လန်းဆန်းလာအောင် ကူညီပေးနိုင်ပါတယ်။

အဆုံးအစမဲ့တဲ့ Patterns တစ်ခုခုကို စူးစိုက်ကြည့်လိုက်ပါ

ဂျီသြမေတြီပုံသဏ္ဍာန်ရှိတဲ့ အဆုံးအစမဲ့ Patterns များကို မိနစ်အနည်းငယ်ခန့် စူးစိုက်ကြည့်ပေးခြင်းက စိတ်ဖိစီးမှုကို ၆၀ ရာခိုင်နှုန်းကျော်ခန့် လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

ပန်းပင်များနဲ့ နီးနီးကပ်ကပ်နေပါ

မိမိအလုပ်စားပွဲနဲ့ အိမ်နံရံတွေမှာ သစ်ပင်များ ချိတ်ဆွဲထားခြင်းက သွေးဖိအားကို လျော့ကျစေပြီး စိတ်ဖိစီးမှုကို ဖယ်ရှားပေးနိုင်တဲ့အပြင် သင့်ရဲ့အလုပ်လုပ်နိုင်စွမ်း (သို့) လေ့လာသင်ယူနိုင်စွမ်းကို မြင့်မားစေပါတယ်။

မရယ်ချင်ပေမယ့်လည်း ရယ်ချင်ယောင်ဆောင်ပါ

အားရပါးရ ရယ်မောခြင်းက သင့်ခန္ဓာကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏကို တိုးမြှင့်ပေးပြီး ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းအတွင်းသို့ အောက်ဆီဂျင် စီးဆင်းမှုကောင်းစေကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဤနည်းအားဖြင့်လည်း စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။

ငိုချင်ပါကလည်း အားရပါရ ငိုချလိုက်ပါ

အရွယ်ရောက်တဲ့လူတစ်ယောက် ငိုယိုနေခြင်းက အားနည်းတဲ့လက္ခဏာတစ်ရပ်လို့ အများက ယူဆကြပါတယ်။ တကယ်တော့ ဒါက မမှန်ကန်ပါဘူး။ စိတ်ခံစားချက်များကို မျိုသိပ်မထားဘဲ အားရပါးရ ငိုခြင်းက ကြွက်သားများကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျော့ချပေးတယ်လို့ စိတ်ရောဂါပညာရှင် Stephen Sideroff က ပြောကြားထားပါတယ်။

ပို့စ်တစ်ခု ပြုလုပ်ကြည့်ပါ

စိတ်ဖိစီးမှုများကို ဖယ်ရှားဖို့အတွက် ယောဂသင်တန်းကို တကူးတကသွားတက်စရာမလိုပါဘူး။ မိမိကြိုက်နှစ်သက်ရာ ပို့စ်တစ်ခုခုကို မိနစ်အနည်းငယ်ခန့် ပြုလုပ်ပေးလိုက်ပါ။ သင့်ရဲ့စိတ်က တည်ငြိမ်အေးချမ်းပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နိုင်လာပါလိမ့်မယ်။

နားရွက်ကို ဖိနှိပ်ပေးပါ

စိတ်ဖိစီးတဲ့အခါပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့နားရွက်ကို ဖိနှိပ်ပေးလိုက်ပါ။

အိမ်မွေးတိရိစ္ဆာန်လေးများနှင့် အချိန်ကုန်ဆုံးပါ

ထိုကဲ့သို့ ဆော့ကစားခြင်းအားဖြင့် စိတ်ဖိစီးမှုဟော်မုန်းများကို လျော့ချပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

သင့်ရဲ့ဦးခေါင်းကို နှလုံးအောက်မှာ ထားထားပါ

ဆိုလိုတာကတော့ သင့်ရဲ့ခန္ဓာကိုယ်ကို ဂငယ်ပုံသဏ္ဍာန် ကိုင်းထားရမှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲရှိသွေးတွေက ဦးခေါင်းဆီ ရောက်ရှိသွားတဲ့အတွက်ကြောင့် စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပါလိမ့်မယ်။

လိမ္မော်ဖျော်ရည် များများသောက်ပါ

ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ လိမ္မော်ဖျော်ရည်ကို မနက်ခင်း နိုးလာတာနဲ့ သောက်သုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှိုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို ကြိုတင်ဖယ်ရှားထားရာရောက်ပါတယ်။

ပူဖောင်း မှုတ်ပါ

ပူဖောင်းမှုတ်ဖို့ရန်အတွက် လေ ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်ထက် ပိုမိုရှူသွင်း ရှူထုတ်ရတဲ့အတွက်ကြောင့် ကြွက်သားများကို ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို နှေးကွေးစေပါတယ်။ ထိုမှတဆင့် စိတ်ဖိစီးမှုများ ပြေလျော့သွားပါလိမ့်မယ်။

မိမိကိုယ်ကို ပွေ့ဖက်ပါ

ကိုယ်ခန္ဓာအထိအတွေ့များက Oxytocin လို့ခေါ်တဲ့ ချစ်ခြင်းတရားနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းများကို ထုတ်လွှတ်ပေးတာကြောင့် မိမိကိုယ်ကို ပွေ့ဖက်ခြင်းအားဖြင့် စိတ်လုံခြုံမှုကို ခံစားရစေပြီး စိတ်ဖိစီးမှုကို ဖယ်ရှားပေးနိုင်ပါတယ်။

စာဖတ်သူတို့ရော စိတ်ဖိစီးမှုများ ခံစားရပါက ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ကြပါသလဲ။

Source: Brightside.me