မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ နူးညံ့ပြီးကဗျာဆန်တဲ့ ပန်းပုံတက်တူးလေးတွေ ထိုးချင်ကြသူတွေ ရှိလား။ တစ်နှစ်တာရဲ့ ၁၂ လလုံးမှာ အသီးသီးကိုယ်စားပြုတဲ့ သင်္ကေတပန်းလေးတွေရှိတာမို့ ကိုယ့်မွေးလနဲ့ ဆက်နွယ်တဲ့ ပန်းဒီဇိုင်းတက်တူးလေးထိုးတာက သင့်အတွက် ထူးခြားပြီး အဓိပ္ပာယ်ရှိစေမှာပါ။ အမြင်မရိုင်းစေတဲ့ ပန်းဒီဇိုင်းလေးတွေဖြစ်တာမို့ မိန်းကလေးတွေနဲ့လည်း လိုက်ဖက်စေမယ့်အပြင် ကိုယ်နဲ့မွေးလတူတဲ့ ချစ်သူ၊ သူငယ်ချင်းတွေနဲ့အတူ ခင်မင်မှုအမှတ်တရ ဆင်တူတက်တူးထိုးတာမျိုးလည်း ပြုလုပ်နိုင်မှာပါ။ ဒီတော့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ ဇန်နဝါရီလ – Carnation ပန်း

ဇန်နဝါရီလရဲ့ လန်းဆန်းတဲ့နှစ်စကိုကိုယ်စားပြုတဲ့အပြင် ချိုမြိန်ခြင်း၊ ကာကွယ်ပေးခြင်းနဲ့ ကုစားမှုကိုဆောင်တဲ့ သင်္ကေတ ပန်းတစ်မျိုးဖြစ်ပါတယ်။

၂။ ဖေဖော်ဝါရီလ – Violet ပန်း

ခရမ်းရောင် Violet ပန်းလေးတွေကလည်း သေးသေးလေးနဲ့အရမ်းလှပြီး မှန်ကန်တည်ကြည်မှု၊ သစ္စာရှိမှုကိုဖော်ပြပါတယ်။

၃။ မတ်လ – Daffodil ပန်း

Daffodil ပန်းတွေကတော့ အသစ်စတင်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတွေကို ရည်ညွှန်းတဲ့ နွေဦးရဲ့ သင်္ကေတပန်းလေးတွေဖြစ်ပါတယ်နော်။

၄။ ဧပြီလ – Daisy ပန်း

ဖြူစင်ပြီး အပြစ်ကင်းတဲ့အဓိပ္ပာယ်သက်ဝင်နေတဲ့ ဧပြီလရဲ့ Daisy ပန်းဖြူဖြူတွေကလည်း တက်တူးထိုးဖို့ အရမ်းလှပါတယ်။ ပန်းပုံလေးကို ထူးထူးခြားခြားဖြစ်သွားအောင် ပျားပုံ ဒီဇိုင်းလေးတွေနဲ့တွဲပြီး ထိုးတာမျိုးပြုလုပ်နိုင်ပါတယ်။

၅။ မေလ – Lily Of The Valley ပန်း

မေလကို ကိုယ်စားပြုတဲ့ Lily Of The Valley လီလီပန်းငုံလေးတွေကလည်း ကျက်သရေရှိပြီး ပျော်ရွှင်မှုနဲ့ ကံကောင်းခြင်းနိမိတ်တွေကို ဖော်ဆောင်တာကြောင့် မေလမွေးဖွားသူတွေတင်မကဘဲ တော်တော်များများ တက်တူးအဖြစ်ထိုးတတ်ကြတဲ့ ပန်းလေးတွေလို့ပြောလို့ရပါတယ်။

၆။ ဇွန်လ – နှင်းဆီပန်း

အရောင်အသွေးစုံပြီး မတူညီတဲ့အဓိပ္ပာယ်တွေနဲ့ လူတိုင်းကြိုက်ကြတဲ့ နှင်းဆီပန်းလေးတွေကတော့ ဇွန်လကို ကိုယ်စားပြုတဲ့ပန်းလေးတွေပါ။

၇။ ဇူလိုင်လ – ကြာပန်း

ဇူလိုင်လရဲ့ သင်္ကေတပန်းဖြစ်တဲ့ ကြာပန်းလေးတွေကတော့ ငြိမ်းချမ်းခြင်းနဲ့ အသိဉာဏ်ကြွယ်ဝခြင်းစတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။

၈။ သြဂုတ်လ – Poppy ပန်း

သြဂုတ်လမွေးသူတွေကို ကိုယ်စားပြုတဲ့ပန်းကတော့ Poppy ပန်းလေးတွေဖြစ်ပြီး ဒီပန်းတွေက တက်ကြွပြီး စွန့်စားလိုစိတ်ရှိတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

၉။ စက်တင်ဘာလ – Morning Glory ပန်း

အရမ်းလှပြီး နူးညံ့တဲ့ ပန်းပွင့်သေးသေးလေးတွေဖြစ်တဲ့ Morning Glory ပန်းတွေကတော့ စက်တင်ဘာမွေးလပန်းတွေဖြစ်ပြီး အရောင်စုံတာကြောင့် လည်ပင်းညှပ်ရိုးနဲ့ လက်ကောက်ဝတ်နေရာတွေမှာ တက်တူးထိုးဖို့အရမ်းလှပါတယ်။

၁၀။ အောက်တိုဘာလ – Marigold ပန်း

Marigold ပန်းလေးတွေဟာ အောက်တိုဘာလမွေးသူတို့အတွက် အကောင်းမြင်စိတ်နဲ့ ကံကောင်းခြင်းတွေ ယူဆောင်ပေးနိုင်တဲ့ ရွှေရောင်ပန်းလေးတွေဖြစ်ပါတယ်။

၁၁။ နိုဝင်ဘာလ – ဂန္ဒမာပန်း

ပွင့်ချပ်အထပ်လေးတွေနဲ့ ကျက်သရေရှိတဲ့ ဂန္ဒမာပန်းတွေက နိုဝင်ဘာလကို ကိုယ်စားပြုသလို နွေးထွေးပြီး စိတ်ရင်းကောင်းခြင်း၊ ရင်းနှီးဖော်ရွေတတ်ခြင်းစတဲ့ အဓိပ္ပာယ်ရှိတဲ့ပန်းလေးတွေဖြစ်ပါတယ်။

၁၂။ ဒီဇင်ဘာလ – Narcissus ပန်း

ဒဏ္ဏာရီလာပန်းတစ်မျိုးဖြစ်တဲ့ Narcissus ပန်းဖြူဖြူလေးတွေက ဒီဇင်ဘာလမွေးလပန်းဖြစ်တဲ့အပြင် ဒီလိုပန်းလေးတွေ တက်တူးထိုးထားတာက ကြင်နာစိတ်ရှိခြင်း၊ အခက်အခဲတွေကို တွန်းလှန်နိုင်ခြင်းနဲ့ အကောင်းမြင်စိတ်များခြင်းတို့ကို ရည်ညွှန်းစေပါလိမ့်မယ်။

Photo Source: Pinterest