သင်က မကြာသေးခင်ကမှ ပူပူနွေးနွေး Breakup ဖြစ်ခဲ့သူဆိုရင် အဆိုးမြင်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ပိုမဝင်လာစေမယ့် နည်းလမ်းတွေကို ရှာဖွေနေနိုင်ပါတယ်။ ဒါ့အပြင် သင့်မှာရှိတဲ့ အသည်းတစ်ခြမ်းကို ဆုံးရှုံးရသလို ခံစားရပြီး ဘယ်သူမှ ကယ်လို့ မရတဲ့ အခြေအနေထဲ ရောက်နေနိုင်ပါတယ်။ အတိတ်ကို ပြန်တွေးတာ ကောင်းပေမယ့် အချိန်တိုင်း မှိုင်တွေ ငေးမောနေမယ်ဆိုရင်တော့ မကောင်းပါဘူး။ သင့်အချိန်တွေ နှမြောဖို့ကောင်းပါတယ်။ ဒီတော့ Breakup ဖြစ်တဲ့အချိန် စိတ်အပြောင်းအလဲ ဖြစ်စေမယ့် သင်လုပ်နိုင်မယ့် အရာတွေကို ကြည့်လိုက်ရအောင်-

၁။ အဆက်အသွယ်ဖြတ်ပါ

သင်က ဒီ RS ကနေ Move on လုပ်ချင်တယ်ဆိုရင်တော့ သူနဲ့ ပြတ်နိုင်သမျှ ပြတ်အောင် ဖြတ်သင့်ပါတယ်။ ဖုန်း၊ Message, Email အကုန်လုံးမှာ ဘလော့သင့်ပြီး သူ့ဆီက Message လာမလား မျှော်မနေသင့်သလို သူ့ကို တိတ်တိတ်လေး စောင့်ကြည့်တာကိုလည်း မလုပ်သင့်ပါဘူး။ ဒီလိုလုပ်နေရင် သင်ခံစားရတဲ့ အချိန်ကာလက ပိုများသွားပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ

ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ၊ အိပ်ရာထဲက မထနိုင်ပါစေ လေ့ကျင့်ခန်း လုပ်ဖို့ကိုတော့ တွန်းလုပ်သင့်ပါတယ်​။ လေ့ကျင့်ခန်းလုပ်တာက သင့်ကို ပိုပျော်စေမယ့်အပြင် စိတ်အပြောင်းအလဲ ဖြစ်စေပါလိမ့်မယ်။

၃။ ရင်ဖွင့်ပါ

သင်ခံစားနေရတဲ့ ခံစားချက်တွေကို သူငယ်ချင်း၊ မိသားစုထံ ရင်ဖွင့်လိုက်တဲ့အခါ ရင်ထဲ ပေါ့သွားတာကို ခံစားမိပါလိမ့်မယ်။ ဘယ်သူမဆို အနည်းနဲ့ အများတော့ သင်ခံစားနေရတာမျိုးကို ကြုံဖူးပြီး ကိုယ်ချင်းစာ သဘောပေါက်မှာ မလွဲမသွေပါပဲ။

၄။ သတိရစေမယ့် အရာတွေကို ဖယ်ရှားပါ

သူပေးခဲ့တဲ့ ပစ္စည်းတွေကို သိမ်းထားတာက အစပိုင်းမှာ လုပ်ရပ်မှန်တယ်လို့ ထင်စရာရှိပေမယ့် တကယ် မေ့ပစ်မယ်လို့ အစီအစဉ်ရှိတယ်ဆိုရင် မျက်စိရှေ့ မမြင်ရအောင် လက်စဖျောက်သင့်ပါတယ်။

၅။ အပြင်ထွက်ပါ

သင့်သူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်သွားတာ၊ မိသားစုလိုက် ခရီးသွားတာတွေကို လုပ်သင့်ပါတယ်။ ဒီလို အပြင်ထွက်ပေးတာက သင့်စိတ်ကို အပြောင်းအလဲ ဖြစ်စေပြီး အမြင်သစ်တွေ ရစေပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ပြုစုပါ

သင် Relationship တစ်ခု မထားခင်က သင့်ကိုယ်သင် ဂရုစိုက်ခဲ့ဖူးမှာပါ။ သင့်ကိုယ်သင်ပဲ အချိန်ပြည့် အချိန်ပေးဖူးမှာပါ။ ဒီအချိန်တွေဆီ ပြန်သွားသင့်ပါတယ်။ သင်လုပ်ချင်တာတွေ လုပ်ပစ်ပြီး သင့်ကိုယ်သင် ဘာလိုအပ်လဲ ပြန်စဉ်းစားရင်း သင့်ကိုယ်သင် ဒိတ်နိုင်ပါတယ်။

၇။ ကိုယ်ဝါသနာပါရာတွေကို ပြန်လုပ်ပါ

တစ်ခါတလေ ချစ်သူရှိတဲ့အခါ ကိုယ့်ဝါသနာတွေကို ခေါက်ထားမိတတ်ပါတယ်။ သင်က သူ့အကြောင်းကို သိပ်မတွေးချင်ရင် သင်ဝါသနာပါရာတွေကို ပြန်လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် သင့်ဘဝမှာ တချိုးတကွေ့ ပြောင်းလဲနိုင်ပါတယ်။

၈။ ဈေးဝယ်ထွက်ပါ

သင်က ဈေးဝယ်ထွက်ရတာ ဝါသနာပါရင် တစ်လမှာ တစ်ခါ၊ နှစ်ပတ်မှာ တစ်ခါလောက် ဈေးဝယ်ထွက်သင့်ပါတယ်။ ဒီလိုဆိုရင် Breakup အကြောင်း ခေါင်းထဲ ရှိတော့မှာ မဟုတ်ပါဘူး။

၉။ မသောက်ပါနဲ့

သင်က စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ သောက်တာက ဘာမှမဖြစ်ပေမယ့် လိုတာထက် ပိုသောက်မိရင်တော့ မှားယွင်းစွာ စာပို့မိတာ၊ မခေါ်သင့်တဲ့သူကို ဖုန်းခေါ်မိတာတွေ လုပ်နိုင်ပါတယ်။ အမူးပြေရင် နောင်တရနေမှာ သင်ကိုယ်တိုင်မို့ ဒါကို ရှောင်သင့်ပါတယ်။

၁၀။ ကိုယ့်အကြောင်းကိုယ် သိအောင် သင်ယူပါ

ဒီလို Breakup ဖြစ်တဲ့အချိန်က ကိုယ့်အကြောင်းကိုယ် သင်ယူဖို့ အချိန်ကောင်းပါပဲ။ ကိုယ့်မှာ ဘာတွေ ပြင်ဖို့ လိုအပ်လဲ၊ ကိုယ့်မှာ ကောင်းတဲ့အချက်တွေ ဘာရှိလဲ ပိုသိအောင် သင်ယူနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar