အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဘာမှ လုပ်ချင်စိတ်မရှိဘဲ မျှော်လင့်ချက်မဲ့ နေတာက လူအများစုမှာ ဖြစ်လေ့ရှိတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ပထမဆုံး သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။ သင့်ကိုယ်သင် ခွင့်လွှတ်ပေးကာ ရှေ့လျှောက် စိတ်သက်သာရာ ရဖို့ ဘာတွေ လုပ်နိုင်မလဲပဲ စဉ်းစားသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မျှော်လင့်ချက်မဲ့နေတဲ့အချိန် သင်လုပ်နိုင်မယ့် အရာတွေကို ဖော်ပြပါရစေ။

၁။ ဒီအတွေး စတင်ရာကို ရှာဖွေပါ

တစ်ခါတလေ စိတ်ညစ်တာက ဘာကြောင့် စိတ်ညစ်တာမှန်း မသိဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အဆင်မပြေတာတွေ စုပြီး စိတ်ညစ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သင်စိတ်ညစ်တာ ဘယ်နေရာက စတာလဲ အရင်းအမြစ်ကို ရှာဖွေသင့်ပါတယ်။ ဒါတွေကို သိရင် ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ သိနိုင်မှာပါ။

၂။ လှုပ်ရှားမှုတွေမှာ ပါဝင်ပါ

သင်က အိပ်ယာထဲမှာ သင့်အဆင်မပြေမှုတွေ၊ အခက်အခဲတွေကို တွေးပြီး အတွေးလွန်နေမယ့်အစား ဒီအတွေးကို အာရုံလွှဲသင့်ပါတယ်။ အာရုံလွှဲတဲ့အနေနဲ့ လုပ်နိုင်တာက ပြေးတာ၊ လှုပ်ရှားတာ၊ စာဖတ်တာ စတာတွေ ဖြစ်ပါတယ်။

၃။ အိပ်ပါ

အိပ်လိုက်တဲ့အခါ ရှုပ်ထွေးနေတဲ့ သင့်အတွေးတွေ ရှင်းသွားတတ်ပါတယ်။ ဒါ့အပြင် အိပ်ပြီးနောက် အားအင်တိုးသွားစေပါတယ်။ ဒါကြောင့် အိပ်ဖို့ကို မကြောက်သင့်ပါဘူး။

၄။ အနားယူပါ

အပေါင်းအသင်းတွေနဲ့ ခဏတဖြုတ်တွေ့တာ၊ ခရီးတိုလေး ထွက်တာ စတာတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို အနားယူလိုက်တာက မျှော်လင့်ချက်မဲ့နေတဲ့ အတွေးတွေကို ပြေပျောက်စေပါတယ်။

၅။ အကူအညီတောင်းပါ

မျှော်လင့်ချက် မဲ့တာအတွက် ထိရောက်တဲ့ ဖြေရှင်းနည်းကတော့ ကိုယ့်အပေါ် ဘာဖြစ်ဖြစ် ချစ်ခင်ပေးတဲ့ သူတွေ ဆီမှာ ရင်ဖွင့်တာပါ။ အထူးသဖြင့် သင့်မိသားစုဝင်တွေ ဖြစ်နိုင်ပါတယ်။ သင့်အခက်အခဲတွေကို သူတို့ဆီ ရင်ဖွင့်လိုက်တဲ့အခါ အကြံမရရင်တောင် စိတ်ပေါ့သွားစေပါတယ်။

၆။ ငိုပစ်ပါ

ငိုချလိုက်တာက သင့်ခံစားချက်တွေကို လျော့သွားစေပါတယ်။ တစ်ခါတလေ ငိုဖို့ မရှက်သင့်ပါဘူး။ သင့်မိသားစုဝင်တွေရှေ့မှာ အမြဲ စိတ်မာနေဖို့ မလိုပါဘူး။ ငိုလို့ အဆင်ပြေပါတယ်။

၇။ ကိုယ့်ပန်းတိုင်ကို ဆုပ်ကိုင်ထားပါ

လက်ရှိမှာ သင်လိုချင်တဲ့ နေရာကို မရောက်သေးတာက ဘဝအဆုံးသတ် မဟုတ်ပါဘူး။ အသက်ရှင်နေသရွေ့ သင့်မှာ မျှော်လင့်ချက်ရှိသေးတယ်လို့ ယုံကြည်ထားသင့်ပါတယ်။ ဘဝမှာ ကျဆုံးမှုတွေက အောင်မြင်ခြင်းရဲ့ ခြေလှမ်းအစပါ။

၈။ သင်နဲ့ ပြဿနာတူတဲ့ သူတွေနဲ့ စကားပြောပါ

သင့်လိုပဲ မျှော်လင့်ချက်မဲ့နေသူတွေ ရှိမှာပါ။ ဒီလိုလူတွေကို Social Media Platform ပေါ်မှာ Group တွေဖွဲ့ပြီး ဆွေးနွေးကြတာကို တွေ့ရတတ်ပါတယ်။ သင်က ဒီထဲ ဝင်ကာ သင့်ပြဿနာကို ရင်ဖွင့်သင့်ပါတယ်။

၉။ ကိုယ်ဝါသနာပါတာကို လုပ်ပါ

မျှော်လင့်ချက်မဲ့နေတဲ့အချိန် ကိုယ်ဝါသနာပါတာကို လုပ်လိုက်တဲ့အခါ ဒါကို မေ့သွားတတ်ပါတယ်။

၁၀။ သံမဏိလို နေထိုင်ပါ

ဒီအချက်က ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ တစ်ခုခု စိတ်ညစ်စရာ ကြုံလာတိုင်း ပြုံးလိုက်ကာ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်သင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar