သင်က ပြောင်းလဲလာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သင့်အလေ့အကျင့်တွေကို သတိထား ပေးသင့်ပါတယ်။ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှု အဆင့်သတ်မှတ်ချက်က ဆုံးဖြတ်ချက်တွေနဲ့ အလေ့အကျင့်တွေပေါ် မူတည်ပါတယ်။ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ပုံမှန်လုပ်ပေးမှ သင့်ဘဝက ပြောင်းလဲလာမှာပါ။

ညဘက်အချိန်က နေ့တစ်နေ့ရဲ့ အရေးပါတဲ့ အချိန်ကာလပါပဲ။ လူတွေရဲ့ အလုပ်လုပ်သံတွေ၊ ဆူညံသံတွေ တိတ်ဆိတ်သွားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ညတိုင်း လုပ်သင့်တဲ့ အလေ့အကျင့်တွေကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ

  • သွားတိုက်ပေးပါ။
  • ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။
  • Body Lotion လိမ်းပေးပါ။
  • အသားအရေ Skin Care လုပ်ပေးပါ။

၂။ အိပ်ရာမဝင်ခင် ၂ နာရီအလိုတည်းက ဖုန်းသုံးတာ ရပ်ပေးပါ

အခုနောက်ပိုင်း လူငယ်အများစုကြား မပါမဖြစ် ပါဝင်လာတာကတော့ Smart Phone ပါပဲ။ ညဘက် ဖုန်းအကြာကြီး သုံးတာကြောင့် အိပ်တာ နောက်ကျတတ်ကြပါတယ်။ ဒါက သင့်အတွက် ရေရှည်မှာ မကောင်းတာကြောင့် မအိပ်ခင်တည်းက ၂ နာရီလောက် ကြိုပြီး ဖုန်းမသုံးဘဲ နေသင့်ပါတယ်။

၃။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ

မအိပ်ခင် ၂ နာရီ ဖုန်းမသုံးတဲ့ အချိန်မှာ ဒီအလေ့အကျင့်ကို ပြုလုပ်နိုင်ပါတယ်။ တစ်နေ့တာ ကိုယ့် အလုပ်တာဝန်တွေ ပြီးမြောက်ခဲ့လား။ ဘာတွေ လုပ်ဖို့ လိုအပ်လဲ။ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာတွေပြုပြင်သင့်လဲ ပြန်သုံးသပ်သင့်ပါတယ်။

၄။ စာချရေးပါ

သုံးသပ်တဲ့အချိန် စိတ်နဲ့ ဒီအတိုင်းတွေးတာမျိုးမဟုတ်ဘဲ စာအုပ်ထဲ ချရေးသင့်ပါတယ်။ ကိုယ်စိုးရိမ်ပူပန်နေတာတွေကိုလည်း စာအုပ်ထဲ ချရေးသင့်ပါတယ်။

၅။ ကျေးဇူးတင်ကြောင်း ပြောပါ

ကိုယ့်ဘဝမှာ ရှိတဲ့ အရာတွေအတွက် ကျေးဇူးတင်ကြောင်း စာအုပ်ထဲ ချရေးနိုင်ပါတယ်။ ဘဝမှာ စိတ်ညစ်စရာတွေရှိပေမယ့် ကိုယ့်မှာ ရှိတဲ့ အရာသေးသေးလေးတွေအတွက် ဂုဏ်ယူသင့်ပါတယ်။

၆။ မအိပ်ခင် စာဖတ်ပါ

ကိုယ်ဖတ်နေတဲ့ စာအုပ်တစ်အုပ်ရဲ့အခန်းတစ်ခန်းလောက်ကို အိပ်ခါနီး ဖတ်သင့်ပါတယ်။ စာပုံမှန်ဖတ်ပေးခြင်းက သင့်တွေးခေါ်ပုံကို ပြောင်းလဲစေနိုင်ပါတယ်။

၇။ တရားထိုင်ပါ

စိတ်တည်ငြိမ်ခြင်းက ဘဝရဲ့ ရတနာတစ်ပါးပါပဲ။ တရားထိုင်ပေးတာက သင့်သဘောထားကို ပြည့်ဝစေပြီး လက်ရှိအချိန်မှာ အာရုံစိုက်မိစေပါတယ်။ သင့်စိတ်ကို ငြိမ်းအေးစေပါတယ်။

၈။ To do List ရေးပါ

နောက်နေ့အတွက် လုပ်စရာတွေကို စာအုပ်တစ်အုပ်ထဲ ချရေးပေးသင့်ပါတယ်။ ဒီလိုရေးထားတာကြောင့် နောက်နေ့မှာ ဒါအတွက် အချိန်ပေးစရာ မလိုတော့ဘဲ အလုပ်တွေ တန်းလုပ်သွားလို့ ရပါတယ်။

၉။ ဆုတောင်းပါ

ကိုယ်ကိုးကွယ်ရာ ဘာသာကို ညအိပ်ရာဝင်ခါနီး ဝတ်ပြုပြီး ကိုယ်တောင့်တတဲ့အရာတွေကို ဆုတောင်းသင့်ပါတယ်။ ဒီလိုလုပ်လိုက်တာက သင့်စိတ်ချမ်းသာစေပါတယ်။

၁၀။ မြင်ယောင်ပါ

အိပ်ရာထဲဝင်တာနဲ့ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ အိပ်မက်တွေကို မြင်ယောင်သင့်ပါတယ်။ ဒီလိုလုပ်တာက သင့်ပန်းတိုင်အတွက် ဆုံးဖြတ်ချက် ပိုခိုင်မာစေသလို ပိုစိတ်ချမ်းသာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar