လက်ကောက်ဝတ်က တက်တူးအများစု ထိုးကြတဲ့ အစိတ်အပိုင်းဖြစ်သလို ခပ်သေးသေးနဲ့ ရှင်းရှင်းလေးထိုးမယ်ဆိုရင် ထိုးထားမှန်းလည်း မသိသာတာကြောင့် အခုမှစထိုးကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ်။ အချို့တက်တူးဒီဇိုင်းလေးတွေရဲ့နောက်ကွက်မှာဆိုရင်လည်း သူတို့ရဲ့ သင်္ကေတနဲ့ ရည်ညွှန်းထားတဲ့အဓိပ္ပာယ်လေးတွေ ရှိနေတတ်ကြပါတယ်။ သင်က ကိုယ့်ရဲ့လက်ကောက်ဝတ်မှာ ဒီဇိုင်းရှင်းရှင်းလေးနဲ့ အဓိပ္ပာယ်လည်းရှိတဲ့ တက်တူးသေးသေးတွေထိုးဖို့ စိတ်ဝင်စားပေမယ့် ဘယ်လိုပုံစံထိုးရမလဲ ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်ကိုအကြံပေးနိုင်မှာပါ။ ဒီတစ်ခေါက်မှာ နောက်ကွယ်က ဆက်စပ်အဓိပ္ပာယ်လေးတွေရှိကြတဲ့ အသေးစား လက်ကောက်ဝတ်တက်တူးအိုင်ဒီယာတွေအကြောင်းကို မျှဝေပေးလိုက်ချင်ပါတယ်။

၁။ တောင်ပံပုံ

တောင်ပံပုံစံဒီဇိုင်းက အချုပ်အနှောင်ကင်းပြီး လွတ်မြောက်ခြင်းသဘောကိုဆောင်တာကြောင့် ဒီတက်တူးလေးဟာ ဘဝမှာကိုယ်ဖြစ်ချင်ရာ၊ လုပ်ချင်ရာကို ဘယ်အရာမှ ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်ဆက်လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးရှိစေပါတယ်။

၂။ လိပ်ပြာပုံ

လိပ်ပြာပုံလေးကတော့ ရိုမန့်တစ်ဆန်တဲ့သင်္ကေတတစ်ခုဖြစ်ပြီး ငယ်ရွယ်တဲ့အချစ်တစ်ခုကိုကိုယ်စားပြုပါတယ်။ ဒါ့အပြင် ဘဝအချိုးအကွေ့အပြောင်းအလဲနဲ့ ပြန်လည်မွေးဖွားခြင်းစတဲ့အဓိပ္ပာယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

၃။ အသည်းပုံ

ဒီရှင်းရှင်းလင်းလင်းနဲ့ အဓိပ္ပာယ်များစွာရှိတဲ့ အသည်းပုံတက်တူးလေးတွေကလည်း တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ယောက်အပေါ်ထားတဲ့ စွဲလမ်းမြတ်နိုးမှုကိုဖော်ပြနေသလို မတူညီတဲ့အရောင်တွေမှာ အဓိပ္ပာယ်တစ်မျိုးစီရှိကြပါသေးတယ်။ ဥပမာ အသည်းပုံအမဲရောင်က ဆုံးရှုံးမှုတစ်ခုကို ကိုယ်စားပြုပြီး အဝါရောင်ကတော့ အသစ်ပြန်လည်စတင်ခြင်းကို ရည်ညွှန်းပါတယ်။

၄။ နေကြာပန်းပုံ

ပန်းပုံလေးတွေထိုးချင်တယ်ဆိုရင်တော့ အရောင်လင်းပြီး Colorful ဖြစ်တဲ့အပြင် အသက်ရှည်ခြင်းနဲ့ ပျော်ရွှင်မှုကိုကိုယ်စားပြုတဲ့ နေကြာပုံတက်တူးလေးတွေထိုးသင့်ပါတယ်။

၅။ ရောမနံပါတ်ပုံ

အထိန်းအမှတ်ရက်စွဲတွေနဲ့ ကိန်းဂဏန်းတွေထိုးချင်တဲ့သူတွေအနေနဲ့ ရိုးရိုးနံပါတ်ထက် ထူးခြားပြီးလှလည်းလှတဲ့ ရောမနံပါတ်ပုံစံလေးတွေထိုးကြည့်ပါ။ အဓိပ္ပာယ်လည်းရှိသလို ကိုယ့်အတွက် သီးသန့်တက်တူးလိုခံစားရစေမှာဖြစ်ပါတယ်။

၆။ ဂြိုလ်ပုံ

ဂြိုလ်နဲ့ စကြဝဠာပုံတက်တူးတွေက ပွင့်လင်းပြီး စူးစမ်းလိုစိတ်ရှိတဲ့အပြင် စွန့်စားမှုပြုလုပ်ရတာကြိုက်တဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ တကယ်လို့သင်မှာလည်း ဒီလိုစိတ်မျိုးရှိတယ်ဆိုရင် ဂြိုလ်ပုံတက်တူးလေးတွေထိုးဖို့အကြံပြုချင်ပါတယ်နော်။

၇။ နာမည်ရဲ့ အရှေ့အက္ခရာပုံ

ရိုးရိုးရှင်းရှင်း အရှေ့အက္ခရာပုံလေးတွေက ကိုယ့်လက်မှာထိုးဖို့ အရမ်းလိုက်ဖက်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Ariana Grande ဟာဆိုရင် သူမရဲ့လက်မမှာ “A” ဆိုတဲ့ရှေ့အက္ခရာကိုထိုးထားပြီး Justin Bieber ရဲ့အမျိုးသမီး Hailey ကလည်းသူမအမျိုးသားရဲ့ နာမည် “J” ကို လက်သကြွယ်မှာထိုးထားတာတွေ့ရပါတယ်။ ဒါကြောင့် အရေးပါတဲ့ နာမည်အရှေ့အက္ခရာတစ်ခုကို လက်ကောက်ဝတ်မှာထိုးကြည့်တာက သင့်အတွက်များစွာအဓိပ္ပာယ်ရှိစေမှာပါ။

၈။ မွေးနှစ်ပုံ

သင့်ရဲ့မွေးနှစ်၊ ဒါမှမဟုတ် သင့်ဘဝအတွက်အရေးပါတဲ့အထိန်းအမှတ်နှစ်တစ်ခုကို လက်ကောက်ဝတ်နားမှာထိုးတာမျိုးကလည်း လှပပြီးအဓိပ္ပာယ်ရှိစေတဲ့ အမှတ်အသားတစ်ခုပါပဲ။

၉။ စကားလုံး ဝေါဟာရတစ်ခုပုံ

ကိုယ့်ဘဝအတွက် Reminder တစ်ခုလိုအရေးပါတဲ့ ဝေါဟာရတစ်ခုကို လက်ကောက်ဝတ်မှာထိုးထားတာက အမြင်လည်းရှင်းပြီး သင်တစ်ယောက်တည်းသာနားလည်နိုင်မယ့် အဓိပ္ပာယ်တွေပါဝင်နေတဲ့ ဒီဇိုင်းမျိုးဖြစ်စေမှာပါ။

၁၀။ ကြယ်ပုံ

ဒီလိုသေးသေးလေးနဲ့လှတဲ့ ကြယ်ပုံလေးတွေထိုးတာကလည်း သင့်လက်ကောက်ဝတ်ကို တစ်မျိုးကြည့်ကောင်းပြီးထင်းနေစေမှာပါ။ လက်ကောက်ဝတ်ပေါ်က ကြယ်တက်တူးရဲ့အဓိပ္ပာယ်လေးက သင့်အတွက်ကောင်းမွန်တဲ့ Energy နဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုကို ရည်ညွှန်းပါတယ်။

Source: previewph.com