ဗိုင်းရပ်စ်ပိုးများ၊ ဘတ်တီးရီးယားများ နှင့် အခြားရောဂါပိုးများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်မှုမှ အဓိကအကာအကွယ်ပေးသည့် ကိုယ်ခံအား ကောင်းမွန်မျှတနေပါက သင့်ကိုယ်ခန္ဓာသည်လည်း ကျန်းမာကြံ့ခိုင်လာကာ ဖျားနာမှုအခွင့်အလမ်းလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော ကိုယ်ခံအားကို ရရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်စားသောက်မှုပုံစံ၊ လုံလောက်သောအနားယူမှု၊ အိပ်စက်မှုများ အထူးလိုအပ်ပါတယ်။

သို့သော်လည်း ထိုကဲ့သို့ စားသောက်နေထိုင်မှုပုံစံအပြင် သင့်ကိုယ်ခံအားကို တိုးတက်ရန်အတွက် လုပ်ဆောင်နိုင်မည့် အခြားအသေးအဖွဲ့ အလေ့အကျင့် များလည်း ရှိသေးသောကြောင့် ရိုးရှင်းလွယ်ကူစွာ လိုက်လံလုပ်ဆောင်နိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ။

ကျန်းမာကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ရရှိရန်အတွက် ပထမဆုံးသောခြေလှမ်းတစ်ခုအနေဖြင့် ပြုလုပ်ရန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်ပဲဖြစ်ပါတယ်။ မိမိကိုသာမက အခြားသူများကိုပါ ပိုးမွှားများကူးစက်မှုကြောင့် ရောဂါများဖြစ်ပေါ်လာမှုမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၂။ ရေများများသောက်ပါ။

အစားမည်မျှပဲ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနေသည်ဆိုစေကာမူ လိုအပ်သည့်ရေပမာဏကို လုံလုံလောက်လောက် မသောက်သုံးလျှင်တော့ ခန္ဓာကိုယ်ကိုမည်သို့မျှ အထောက်အကူပြုနိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်မှန်သမျှကို ရေမှထုတ်ပေးမှာဖြစ်ပြီး ဆဲလ်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်ရန်အတွက် လိုအပ်သည့် အောက်စီဂျင်ကို ရရှိစေမှာဖြစ်ပါတယ်။

၃။ ရယ်မောပါ။

ရယ်မောခြင်းသည် ရောဂါပိုးများ၊ ဖျားနာမှုများဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိအောင် ထောက်ပံ့ပေးနိုင်သည့်အတွက် ရယ်မောပါ။ ထို့အပြင် သွေးလည်ပတ်မှု၊ အစာချေဖျက်မှု၊ သွေးပေါင်ချိန်ကျစေခြင်း၊ ကြွက်သားများတင်းမာမှုကိုဖြေလျော့ပေးခြင်း စသည့် ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၄။ နေပူဆာလှုံပါ။

ကိုယ်ခံအားတိုးမြင့်ရန်အတွက် လိုအပ်သည့် ဗီတာမင်ဒီကို နေရောင်ခြည်မှ ထုတ်လွှတ်ပေးပြီး အခြားရောဂါများဝင်ရောက်မှုမှ တိုက်ထုတ်ပေးသည့် T cells များကိုကောင်းမွန်မျှတစွာ လည်ပတ်စေပါတယ်။

၅။ အမြဲတမ်းပျော်ရွှင်စွာနေထိုင်တွေးခေါ်ပါ။

အကောင်းမြင်တတ်မှုနှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်မှုသည် ကျန်းကျန်းမာမာရှိနေရန်အတွက် လုပ်ဆောင်သင့်သည့် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ မိမိတို့၏အတွေးခံစားချက်များမှာ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိသည့်အတွက် အတွေးဆိုး၊ အခြေအနေဆိုးများ၏ လွှမ်းမိုးမှုကြောင့် ရောဂါခံစားမှုမှ ရှောင်ရှားနိုင်ရန် တတ်နိုင်သမျှ ပျော်ရွှင်စွာတွေးခေါ်နေထိုင်ပေးပါ။

၆။ တနေ့တာကို အသီးဖျော်ရည်သောက်သုံးခြင်းဖြင့် အစပြုပါ။

မနက်စာကို ကျန်းမာရေးနှင့်ညီညွတ်စွာ ပြင်ဆင်ရန်အချိန်မပေးနိုင်သည့်အခါများတွင် လွယ်ကူသက်သာစွာပြုလုပ်နိုင်သည့် အသီးဖျော်ရည် တစ်ခွက် သောက်သုံးပေးခြင်းဖြင့်လည်း လုံလောက်ပါတယ်။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် ရောဂါတိုက်ဖျက်နိုင်သည့် ကိုယ်ခံအားစွမ်းရည်ကို နှစ်ဆတိုးတက်စေသည့်အတွက် မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

၇။ တရားထိုင်ပါ။

တရားမှတ်ခြင်းသည် ကိုယ်ခံအားပျံ့ပွားရန်အတွက် ကောင်းမွန်သည့်စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကိုဖန်တီးပေးရုံသာမက စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ စိတ်ကျရောဂါခံစားရခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၈။ နေ့စဉ်မှန်မှန်လမ်းလျှောက်ပါ။

ကိုယ်ခံအားကောင်းမွန်ရန်အတွက် ပြုလုပ်နိုင်သည့်အရာများထဲတွင် အားကစားသည်လည်း အရေးကြီးအခန်းတစ်ရပ်အနေဖြင့် ပါဝင်ပါတယ်။ မိနစ်သုံးဆယ်ခန့်မျှသာ လမ်းလျှောက်ပေးခြင်းက ခန္ဓာကိုယ်သင့်တင့်မျှတစွာ အလုပ်လုပ်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ပါတယ်။

၉။ ငြိမ့်ညောင်းသော သို့မဟုတ် မြူးကြွသောသီချင်းများကို နားထောင်ပါ။

သီချင်းနာထောင်ပေးသည့်အခါ ခန္ဓာကိုယ်အတွင်းရှိ immunoglobulin A ဟုခေါ်သော antibody ကို တိုးမြင့်စေကာ ဆဲလ်များကို ကျန်းမာသန်စွမ်းမှု ရှိစေပါတယ်။

၁၀။ သကြားသုံးစွဲမှုကို ရပ်တန့်ပါ။

သကြားစားသုံးခြင်းသည် ကိုယ်ခံအားလုပ်ဆောင်ချက်ကို ကျဆင်းစေကာ သာမန်ဖျားနာခြင်း၊ တုပ်ကွေး နှင့် အခြားကူးစက်ရောဂါများကို ဝင်ရောက်စေနိုင်ပါတယ်။ ထို့ကြောင့် သကြားသုံးစွဲမှုကို လျှော့ချလိုက်ခြင်းသည် ထူးကဲခြားနားသောအပြောင်းအလဲကို သိသိသာသာ ဖြစ်ပေါ်စေနိုင်ပါတယ်။