သင်က တစ်ယောက်ယောက်နဲ့ ချစ်မိကြိုက်မိပြီဆိုရင် သင် သူ့အတွက်ပေးရမှာက သင့်အချိန်တွေ၊ သင့်စိတ်ခံစားချက်တွေအကုန်လုံးပါပဲ။ ဒီလိုတွဲနေတဲ့အချိန်မှာ ကိုယ်တွဲနေတဲ့သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဟုတ်မဟုတ် သိထားသင့်ပါတယ်။

ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်နဲ့ တွဲနေတာက အချိန်ဖြုန်းခြင်းတစ်မျိုးပါပဲ။ သင်ခုလက်ရှိတွဲနေတဲ့သူက သင့်ရဲ့ ဖူးစာရှင်အစစ်အမှန်လား။ သင်အောက်မှာ ပြောပြထားတဲ့ လက္ခဏာတွေနဲ့ ကြုံတွေ့နေရလား စဉ်းစားကြည့်ပါ။

၁။ သင်ဟာ ကိုယ့်ကိုကိုယ်အားငယ်နေတတ်တယ်

သူက သင့်ရဲ့ ဖူးစာရှင်အစစ်မဟုတ်ခဲ့ရင်တော့ သင်သူနဲ့တွေ့တဲ့အချိန်တိုင်း အားငယ်သလို ဝေဖန်ခံရသလို ခံစားရပါလိမ့်မယ်။ သူက စကပ်တိုလေးနဲ့ လှတယ်ပြောရင် သင်ဟာ မကြိုက်ပေမယ့် လိုက်ဝတ်ပေးတယ်။ သင့်ကိုယ်သင် ဆုံးရှုံးသွားတတ်ပါတယ်။ သင့်အပေါ်တကယ်ချစ်ရင် သူဒါတွေတွေးမနေပါဘူး။ ဘာဝတ်ရမလဲ မေးတဲ့အချိန် ကြိုက်တာသာဝတ်ပဲ ပြောမှာပါ။

၂။ ခံစားချက်မရှိဘူး

သူဟာ သင်နဲ့တွဲတာ နှစ်လသုံးလကျော်ပေမယ့် ခံစားချက်ထူးထူးခြားခြားထုတ်မပြဘူး။ ချစ်တယ်ဆိုတဲ့စကားကိုလည်း ပြောခိုင်းမှပြောတယ်။ ဒီလိုဆိုရင် သူနဲ့ လက်တွဲဖို့ သင်စဉ်းစားသင့်ပါပြီ။

၃။ သင်က သူ့ဘဝမှာ ဦးစားပေးမဟုတ်ဘူး

သူက အပြင်သွားတဲ့အချိန် နောက်ဆုံးသူငယ်ချင်းတွေနဲ့ ခရီးသွားတဲ့အချိန်မှာတောင် သင့်ကို ပြောမပြတတ်ရင်တော့ သင်ဟာ သူ့ရဲ့ ဦးစားပေးမဟုတ်ပါဘူး။ သင်နဲ့ပတ်သက်ပြီးလည်း သင့်ခံစားချက်တွေကို သိပ်မစဉ်းစားပေးတတ်ပါဘူး။

၄။ သူနဲ့ စိတ်ချင်းဆက်သွယ်မှုမရှိဘူး

အချစ်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်သွယ်မှုဆိုတာလည်း လိုအပ်ပါတယ်။ သင့်ရဲ့ ခံစားချက်တွေကို သူမသိရင်၊ သင့်မျက်နှာဘယ်လိုဖြစ်သွားလဲ သူမကြည့်တတ်ရင်တော့ သူဟာ သင့်ဘဝရဲ့ ဖူးစာရှင်အစစ်အမှန်မဟုတ်သေးပါဘူး။

၅။ သင်ဟာ သူ့အပေါ်ယုံကြည်မှုမရှိဘူး

အောင်မြင်တဲ့ ဆက်ဆံရေးတစ်ခုမှာ အရေးအပါဆုံးအချက်ကယုံကြည်မှုပါ။ သင်တွဲနေတဲ့ လူတစ်ယောက်ကို မယုံရင်တော့ သူဘာလုပ်လုပ်သင်ယုံမှာ မဟုတ်ပါဘူး။ သူ့အမူအရာတွေကလည်း ယုံစရာသိပ်မရှိတာကိုး။ မိန်းကလေးတွေမှာ အလိုလိုသိနေတတ်တဲ့ ဆဌမအာရုံပိုင်ဆိုင်ထားပါတယ်။ သင့်အာရုံကို ယုံကြည်ထားလိုက်ပါ။

၆။ သူက လိမ်တတ်တယ်

လိမ်တယ်ဆိုတဲ့နေရာမှာ သင့်ရဲ့ ဆံပင်ပုံစံက သင်နဲ့မလိုက်ပေမယ့် သင်ချစ်စရာကောင်းတယ်လို့ အဖြူရောင်မုသားစကားကို မဆိုလိုပါဘူး။ သူရောက်နေတဲ့နေရာ သူလုပ်နေတဲ့အရာတွေကို လိမ်တတ်တယ်ဆိုရင်တော့ သူဟာ သင့်ကို တကယ်ချစ်တာမဟုတ်ပါဘူး။

၇။ သူဟာ သင်နဲ့ဆို အရေးတယူဘာမှမလုပ်ပေးတတ်ဘူး

သင်နဲ့သူ တွေ့မယ့်အချိန်တိုင်း သင့်ရဲ့ကျောင်း အလုပ်တွေကို ဖျက်ပြီး မအားလည်း တွေ့ပေးရတယ်။ သူ့ဘက်ကတော့ ဘယ်ဟာကိုမှ အလျှော့မပေးဘူး။ သူ့အလုပ်ပဲ သူလုပ်နေရင်တော့ သူဟာ သင့်ရဲ့ ကြင်ဖော်အစစ်အမှန်မဖြစ်နိုင်သေးပါဘူး။

၈။ ကြင်နာယုယမှုမရှိဘူး

ချစ်ခင်ကြင်နာမှုဆိုတာကတော့ သမီးရည်းစားဆက်ဆံရေးမှာ သင်လိုအပ်တဲ့အရာပဲလေ။ အနားအတူရှိချိန်တွေ နည်းနေသေးရင်တော့ သင်စဉ်းစားသင့်ပါပြီ။

၉။ သင်ဟာ သူနဲ့ဝေးနေသလိုခံစားရတယ်

သူနဲ့တွေ့တဲ့အချိန်တိုင်း ထွေထွေထူးထူးမခံစားရဘူး။ ဝေးနေသလို ခံစားရရင်တော့ သူနဲ့ မတွဲသင့်တော့ပါဘူး။

၁၀။ အနာဂတ်အကြောင်း ဆွေးနွေးမှုမရှိဘူး

သူ့ရဲ့ အနာဂတ်အစီအစဉ်ထဲမှာ သင်မပါဘူး။ သင်နဲ့တွေ့ရင် တခြားအကြောင်းတွေပဲပြောနေတတ်တယ်။ ဒါဆိုရင်တော့ သူဟာ သင့်ရဲ့ ဖူးစာရှင်အစစ်အမှန်မဟုတ်သေးပါဘူး။

သင်ဟာ တစ်ယောက်တည်းမနေချင်တာနဲ့ပဲ ကိုယ်နဲ့အဆင်မပြေတဲ့သူနဲ့ ကြိတ်မှိတ်တွဲတာမျိုးမလုပ်သင့်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်မှုရှိနေရင်တော့ သင်သူနဲ့ လမ်းခွဲသင့်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar