ချစ်သူရည်းစားတွေကတော့ တစ်ယောက်မကောင်း တစ်ယောက်ဂျောင်း ဆိုပေမယ့် သူငယ်ချင်းကောင်းတွေကတော့ သေတဲ့အထိ ကိုယ့်အနားမှာ အမြဲရှိနေမှာပါ။ ကိုယ့်မှာသာသူငယ်ချင်းကောင်းရှိတယ်ဆိုရင်တော့ သူတို့တွေဟာ ကိုယ့်အတွက် ဘယ်လောက်ထိအရေးပါတယ် ဘယ်လောက်ထိရှာဖွေရခက်ခဲတယ်ဆိုတာကို သေချာသိနားလည်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်လိုလူတွေကို သူငယ်ချင်းကောင်းလို့ ခေါ်နိုင်သလဲ။

နားထောင်ပေးတယ်

အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်လို့ စကားပြောဆိုရတာ ပြောစရာကောင်းပေမယ့်လည်း တကယ်တမ်းအရေးကြီးတာက ကိုယ်ပြောတဲ့စကားကို အလေးထားပြီး နားထောင်ပေးခြင်းပါပဲ။ ပျော်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ် အချင်းချင်း ရင်ဖွင့်ကြပြီး ဝေမျှခံစားခြင်းကနေပြီးတော့ သူငယ်ချင်းကောင်းဆိုတာ ဖြစ်တည်လာရတာပါ။

ကိုယ့်ရဲ့အဆိုးဆုံးအချိန်တွေကို မြင်ဖူးတယ်

သူငယ်ချင်းကောင်းဆိုတာဟာ ကိုယ့်ရဲ့အဆိုးဆုံးအချိန်တွေကို မြင်တွေ့ဖူးလို့ စကားမပြောတော့တာ၊ ရှောင်တိမ်းသွားတာမျိုးတွေကို ဘယ်တော့မှမလုပ်ပါဘူး။ ဒီလိုအခြေအနေတွေမျိုးကြောင့်သာ သူဟာကိုယ့်အတွက် သူငယ်ချင်းကောင်းဆိုတာ သိလာရပြီးတော့ ဆက်ဆံရေးကလည်း ပိုပြီးခိုင်မြဲလာပါတယ်။

ကိစ္စတိုင်းကို ပြောပြနိုင်တယ်

ကိုယ်နဲ့ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် သူနဲ့မတိုင်ပင် မဆွေးနွေးဖူးဘူးဆိုတာ မရှိပါဘူး။ အကြောင်းအရင်းက ကိုယ့်ကိုယ်ကိုထက်ပိုပြီးတော့ သူတို့အပေါ်မှာ ယုံကြည်လို့ရယ်၊ သူတို့ရဲ့အကြံဉာဏ်တွေကို တန်ဖိုးရှိတယ်လို့ ခံစားရတဲ့အတွက်ကြောင့်ပါ။

ကိုယ့်အနောက်မှာရပ်တည်ပေးတယ်

ရုတ်တရက် ကိစ္စအဆိုးအဝါးတွေ ကြုံတွေ့လာရချိန်မှာ အနားကနေ ရှောင်ထွက်မသွားဘဲ အနောက်မှာ အမြဲရပ်တည်ပေးနေတာ သူငယ်ချင်းကောင်းတွေပါ။

ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးတယ်

နှစ်ပေါင်းများစွာ သူငယ်ချင်းတွေအနေနဲ့ ပေါင်းသင်းဆက်ဆံလာခဲ့တာကြောင့် ကိုယ်နဲ့ပတ်သက်လို့ ခရေစိတွင်းကျ အကုန်သိနေတဲ့ သူငယ်ချင်းကောင်းတွေဟာ ကိုယ်စိတ်ညစ်စရာကြုံလာတဲ့အခါ ဘယ်လိုအကြောင်းအရာလေးတွေနဲ့ ကိုယ့်ကိုရယ်မောအောင် ပြုလုပ်ရမလဲဆိုတာ သေချာပေါက်သိနေပါတယ်။

အရှိကိုအရှိအတိုင်းလက်ခံတယ်

အမြဲတမ်းတော့ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကို သဘောတူချင်မှတူနိုင်ပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်မှာ အမြဲရှိနေပါတယ်။ ငါ့ကိုသူဘယ်လိုမြင်သွားမလဲဆိုပြီး စိုးရိမ်ကြောက်ရွံ့နေစရာမလိုဘဲ ဘယ်လိုအကြောင်းအရာတွေကိုမဆို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ပါတယ်။

အမှန်ကိုအမှန်အတိုင်းပြောတယ်

သူငယ်ချင်းကောင်းဆိုတာဟာ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုဘယ်တော့မှ လိမ်မယ့်သူတွေမဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်သက်လို့ သူတို့ရဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောမှာဖြစ်ပြီးတော့ ကိုယ်ကအမှားလုပ်မိနေပြီဆိုရင်လည်း ထောက်ပြမယ့်သူတွေဖြစ်ပါတယ်။