Relationship တစ်ခုမှာ ဒီစကား ၁၀ခွန်းက တစ်ဖက်လူအတွက် နာကျင်စေနိုင်တဲ့စကားတွေဖြစ်လို့ မပြောမိအောင်ဆင်ခြင်သင့်ပါတယ်။

“ငါနင့်ကိုမလိုအပ်တော့ဘူး” ဆိုတဲ့စကားကို တကယ်ပြတ်ဆဲလမ်းခွဲကြတာမဟုတ်ပဲ စိတ်ဆိုးရုံသက်သက်နဲ့တော့ မပြောပါနဲ့။ အပြောခံရတဲ့သူအတွက်က အရမ်းနာကျင်ပြီး ဝမ်းနည်းရပါတယ်။ ပြန်အဆင်ပြေသွားရင်တော့ ဒီစကားပြောခဲ့တာ တကယ့်စိတ်ရင်းမှန်လားဆိုတဲ့ အတွေးတွေနဲ့ နာကျင်နေရပါလိမ့်မယ်။

“နင်ကငါ Type မဟုတ်ဘူး” ဆိုတဲ့စကားကလည်း မပြောသင့်ပါဘူး။ ကိုယ့် Type မဟုတ်ရင် အစထဲကမတွဲပါနဲ့။ ချစ်လို့တွဲပြီးမှ ဒီစကားပြောတာက တစ်ဖက်လူအတွက် စိတ်ဒဏ်ရာဖြစ်သွားနိုင်ပါတယ်။

“နင်နဲ့တွေ့ခဲ့တာမှားတယ်” ဆိုတဲ့စကားက စိတ်ထိခိုက်လွယ်တဲ့သူ၊ စိတ်ပျော့တဲ့သူ၊ အတွေးများတဲ့သူအတွက်တော့ အရမ်းနာကျင်ရပါတယ်။

“နင့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတယ်” ဆိုတဲ့စကားက တစ်ဖက်လူအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သူ့အတွက်ငါက တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်နေတာလားဆိုပြီး တစ်ယောက်ထဲတွေးပြီး ဝမ်းနည်းနေပါလိမ့်မယ်။

“နင်အရမ်းငြီးငွေ့စရာကောင်းတယ်” ဆိုတဲ့စကားက ဘယ်လောက်ပဲစိတ်ဆိုးဆိုး မပြောသင့်ပါဘူး။ ပြတ်သွားခဲ့ရင်တောင်မှ ကိုယ်ချစ်ခဲ့ဖူးတဲ့သူကို မနာကျင်စေချင်ရင် အဲ့စကားမပြောသင့်ပါဘူး။

“နင့်ကြောင့်ပင်ပန်းရတယ်” ဆိုတဲ့စကားက တစ်ဖက်လူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရပါတယ်။ နာကျင်ရပါတယ်။ ဒီလိုစကားတွေက ရန်ဖြစ်တိုင်းခဏခဏပြောနေရင် ကြာလာတဲ့အခါ လမ်းခွဲတဲ့အထိ ဖြစ်လာတတ်ပါတယ်။

“ငါနင့်ကိုဂရုမစိုက်ဘူး” လုပ်ချင်တာလုပ်ဆိုပြီးပြောတာက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ခဏခဏဆိုရင် စိတ်ခုစရာတွေ၊ နာကျင်စရာတွေ ဖြစ်လာပါလိမ့်မယ်။

“ဝိတ်အခြေအနေ” နဲ့ပတ်သက်ပြီး ဝလာလိုက်တာ၊ ပိန်လိုက်တာ၊ ဝိတ်လျှော့ပါအုံး၊ ဝအောင်လည်းလုပ်ပါအုံး စသဖြင့် body ပိုင်းနဲ့ပတ်သက်ပြီး မဝေဖန်ပါနဲ့။ ကိုယ်ချစ်တဲ့သူဆီက အပြောခံရရင် ပိုနာကျင်ရတယ်၊ အားငယ်စိတ်ဝင်ပြီး ဝမ်းနည်းရပါတယ်။

“ငါ့ကိုတကယ်ချစ်ရင်လုပ်ရမယ်” ဆိုတဲ့စကားက အကျပ်ကိုင်တာနဲ့ တူတူပါပဲ။ ဒီစကားနဲ့ပဲ ခဏခဏကိုင်ပေါက်နေတာက တစ်ဖက်လူအတွက် မွန်းကြပ်လာပါလိမ့်မယ်။

“နင့်အမှားတွေ” ဆိုတဲ့စကားကိုပဲ ခဏခဏပြောဆိုပြီး အပြစ်တင်နေတာတွေက အပြောခံရတဲ့သူအတွက် နာကျင်ခံစားရစေပါတယ်။ စိတ်ပျက်စရာ၊ စိတ်ပင်ပန်းစရာ ဖြစ်လာစေပါတယ်။